စစ်ကောင်စီရဲ့ စွယ်တော်ကုန်း အမြောက်စခန်းသိမ်းတိုက်ပွဲက ပြန်လာတဲ့ Venom စစ်ကြောင်းက ရဲဘော်များ…

စစ်ကောင်စီရဲ့ စွယ်တော်ကုန်း အမြောက်စခန်းသိမ်းတိုက်ပွဲက ပြန်လာတဲ့ Venom စစ်ကြောင်းက ရဲဘော်များ…
အောက်တိုဘာ ၁၈ ၊ ၂၀၂၄

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ လေးကေ့ကော်မြို့သစ်အနီးက စစ်ကောင်စီရဲ့ စွယ်တော်ကုန်းအမြောက်တပ် စခန်းသိမ်းတိုက်ပွဲကနေ ပြန်လာတဲ့ ကော်ဘရာစစ်ကြောင်း ၂ (Venom) စစ်ကြောင်းက ရဲဘော်တွေကို ပြည်သူတွေက အောင်သပြေနဲ့ ကြိုဆိုခဲ့တယ်လို့ အဆိုပါစစ်ကြောင်းက ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ် မစခ−၆၀၆ လက်အောက်ခံ အမြောက်တပ်ဖွဲ့ ပူးတွဲတာဝန်ယူထားတဲ့ စွယ်တော်ကုန်း နယ်စပ်ခြေကုတ်အမြောက်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ဦးဆောင်တဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့က (၇) လကြာ ဝန်းရံ ပိတ်ဆို့ပြီးနောက် အောက်တိုဘာလ (၁၇) ရက် မနက်အစောပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။
စွယ်တော်ကုန်း နယ်စပ်ခြေကုတ်အမြောက်စခန်းဟာ ၂၀၀၃ ခုနှစ်ကစလို့ ထိုင်း−မြန်မာ နယ်စပ်တပ်စခန်းအဖြစ် စတင်တပ်စွဲခဲ့ပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) လက်အောက်ခံတပ်တွေ တာဝန်ယူခဲ့သလို ၂၀၂၁ ခုနှစ် အကြမ်းဖက်စစ်တပ် အာဏာသိမ်းချိန်ကစလို့ တပ်မ (၂၂)၊ တပ်မ (၄၄) နဲ့ ကမ်းရိုးတမ်းတပ်တွေပါ လာရောက်တပ်စွဲခဲ့တဲ့ တပ်စခန်းတစ်ခု ဖြစ်တယ်လို့ KNU က ဆိုပါတယ်။