စစ်ဆင်ရေးများ အရှိန်မြှင့်နေ၍ စလင်း-ဆိပ်ဖြူလမ်းပိုင်း လိုက်နာရမည့်အချက်များအား မကွေးခရိုင်ကွပ်ကဲရေးရုံး ထုတ်ပြန်

by

in

စစ်ဆင်ရေးများ အရှိန်မြှင့်နေ၍ စလင်း-ဆိပ်ဖြူလမ်းပိုင်း လိုက်နာရမည့်အချက်များအား မကွေးခရိုင်ကွပ်ကဲရေးရုံး ထုတ်ပြန်
​ဟာနာဆန်/People’s Spring
မကွေးတိုင်းအတွင်း စစ်ဆင်ရေးများ အရှိန်မြှင့်နေ၍ စလင်း-ဆိပ်ဖြူလမ်းပိုင်း၌ မော်တော်ယာဥ်များ လိုက်နာရမည့်အချက်များအား မကွေးခရိုင်ကွပ်ကဲရေးရုံးက အောက်တိုဘာ ၁၇ရက်တွင် အသိပေးကြေညာသည်။
စလင်း-ဆိပ်ဖြူလမ်းပိုင်းအား အရေးပေါ်အခြေအနေမှအပ ညပိုင်းသွားလာခြင်း မပြုရန်၊
လမ်းပိုင်းအတွင်း နေ့အချိန် ခရီးသွားလာရာတွင် မော်တော်ယာဉ်များအား မှန်ချ၍ မောင်းနှင်ရန်နှင့် မိုးကာများ အုပ်မိုးထားခြင်း မပြုရန်၊ စစ်ကောင်စီယာဉ်တန်းများနှင့် အနီးကပ်မောင်းနှင်သွားလာခြင်း မပြုရန်၊ မော်တော်ယာဉ်များ အရှိန်လျှော့မောင်းနှင်ရန်နှင့် တာဝန်အရ စစ်ဆေးခြင်းများ ရှိပါက ပူးပေါင်းဆောင်ရွက်ပေးရန် အစရှိသည့်အချက်များအား မကွေးခရိုင်ကွပ်ကဲရေးရုံးက ထုတ်ပြန်သည်။
မကွေးခရိုင်ကွပ်ကဲရေးအောက်ရှိ တပ်ရင်းများသည် နယ်မြေစိုးမိုးရေးလုပ်ငန်းများနှင့် စစ်ဆင်ရေးလုပ်ငန်းများ အရှိန်မြှင့်တင် ဆောင်ရွက်နေကြောင်း၊ ထို့ကြောင့် အရပ်သားပြည်သူများ ထိခိုက်နစ်နာမှု မရှိစေရန် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း မကွေးခရိုင်ကွပ်ကဲရေးရုံးက အသိပေးသည်။
ထုတ်ပြန်ချက်များအား တော်လှန်ရေးအောင်မြင်မှုနှင့် ပြည်သူများဘေးကင်းစေရေးအတွက် မပျက်မကွက်ပူးပေါင်းဆောင်ရွက်ပေးရန် မကွေးခရိုင်ကွပ်ကဲရေးရုံးက မေတ္တာရပ်ခံထားသည်။
ထုတ်ပြန်ချက်နှင့်ပတ်သတ်၍ မကွေးခရိုင်ကွပ်ကဲရေးရုံးထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
ပြီးခဲ့သည့် စက်တင်ဘာ ၂၄ရက်က စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ နွယ်တမယ်တံတားတွင် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။
(စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)မှ ရဲဘော်များ လမ်းပိုင်းလုံခြုံရေး စစ်ဆေးမှုများ ပြုလုပ်နေစဥ်။ ဓာတ်ပုံ – စလင်း ပကဖ)