ရန်ကုန်တွင် စစ်ကောင်စီက ကျင်းပလျက်ရှိသော သီတင်းကျွတ် စျေးရောင်းပွဲ လူမရှိ၍ တစ်ရပ်ကွက်လျှင် လူ ၅ ဦးနှုန်း မဖြစ်မနေ လာရောက်ရန် စစ်တပ်က စေခိုင်း၊ ဌာနဆိုင်ရာဝန်ထမ်းများအားလုံး မိသားစုလိုက် လာရန် အမိန့်ပေး

by

in

ရန်ကုန်တွင် စစ်ကောင်စီက ကျင်းပလျက်ရှိသော သီတင်းကျွတ် စျေးရောင်းပွဲ လူမရှိ၍ တစ်ရပ်ကွက်လျှင် လူ ၅ ဦးနှုန်း မဖြစ်မနေ လာရောက်ရန် စစ်တပ်က စေခိုင်း၊ ဌာနဆိုင်ရာဝန်ထမ်းများအားလုံး မိသားစုလိုက် လာရန် အမိန့်ပေး
ရန်ကုန်၊ အောက်တိုဘာ ၁၈
ရန်ကုန်တိုင်း၊ ပြည်သူ့ရင်ပြင်တွင် စစ်ကောင်စီက ပြုလုပ်လျက်ရှိသော သီတင်းကျွတ်စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်ကို လူစည်ကားစေရန်အတွက် တစ်ရပ်ကွက်လျှင် လူ ၅ ဦးနှုန်းဖြင့် မဖြစ်မနေ လာရောက်ရန် စစ်တပ်နှင့်ထွေ/အုပ်က မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များကို စေခိုင်းထားကြောင်း စုံစမ်းသိရှိရသည်။
အောက်တိုဘာလ ၁၆ ရက်နေ့မှ အောက်တိုဘာလ ၁၈ ရက်နေ့ အထိ ရန်ကုန်ပြည်သူ့ရင်ပြင်တွင် ပြုလုပ်လျက်ရှိသော သီတင်းကျွတ် ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော်သို့ လူစည်ကားစေရန် အဓိကရည်ရွယ်၍ ရပ်ကွက်တစ်ခုလျှင် လူ ၅ ဦး ပေးရန် ဆင့်ခေါ်ကြောင်း၊ မြို့နယ်များအလိုက် နေ့စဉ် မနက် ၈ နာရီမှ ည ၁၁ နာရီအထိ သွားရောက်ရကြောင်း သိရှိရသည်။
“တစ်ရပ်ကွက်ကို လူ ၅ ဦး မြို့နယ် ထွေအုပ်ရုံးကို ပို့ပေးရတယ်။ အဲဒီကနေမှ ပြည်သူ့ရင်ပြင်ကို ခေါ်တယ်။ တစ်ချို့မြို့နယ်တွေက ညပိုင်းအလှည့်ကျတယ်။ တချို့မြို့နယ်တွေက မနက်ပိုင်းသွားရတယ်” ဟု ရန်ကုန်တိုင်းစစ်ကောင်စီသတင်းရင်းမြစ်က ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက သီတင်းကျွတ်စျေးရောင်းပွဲတော်နှင့် ဂီတပွဲကို နေ့စဉ် မနက် ၈ နာရီမှ ည ၁၁ နာရီအထိ ကျင်းပပြုလုပ်နေခြင်းဖြစ်ပြီး ရန်ကုန်တိုင်းအတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းမိသားစုများကိုလည်း မဖြစ်မနေ လာရောက်ရမည်ဟု ဆင့်ခေါ်ကြောင်း သိရှိရသည်။
“ဌာနဆိုင်ရာဝန်ထမ်းတွေကတော့ ရန်ကုန်မှာ လုပ်တဲ့ ပွဲတိုင်းလာရတယ်။ မိသားစုဝင်တွေရော။ မဖြစ်မနေလာခိုင်းတာ။ လာတဲ့သူတွေကို သက်ဆိုင်ရာဌာနတွေက ကားစီစဉ်ပေးတယ်။ အစား အသောက်စီစဉ်ပေးတယ်” ဟု ရန်ကုန်သမဝါယမရုံးခွဲမှ အရာထမ်းတစ်ဦးက ရှင်းပြသည်။
အကြမ်းဖက်စစ်ကောင်စီက ၎င်းတို့ အုပ်ချုပ်နေသည့် သီတင်းကျွတ်ပွဲတော်ကာလသည် အလွန်စည်ကားပြီး ဘုရားပုထိုးများတွင် လူများ ပြည့်နှက်နေကာ ပုံမှန်အတိုင်း လည်ပတ်နေပြီဖြစ်ကြောင်း ယနေ့ထုတ် သတင်းစာများတွင် ဝါဒဖြန့် ဖော်ပြထားသည်။