ရှေ့တန်းရောက် စစ်မှုထမ်း သင်တန်းဆင်း တပ်သားသစ်များကို အမောခံနိုင်သည်၊ အိပ်ရေးပျက်ခံနိုင်သည်ဟုဆိုကာ စစ်အရာရှိများက မူးယစ်ဆေးဝါးများ တိုက်ကျွေး၊ နောက်တန်းမှ ပေးပို့သည့် တပ်ရိက္ခာများတွင်ပါ မူးယစ်ဆေးအထုပ်များ တစ်ပါတည်းပါလာ

by

in

ရှေ့တန်းရောက် စစ်မှုထမ်း သင်တန်းဆင်း တပ်သားသစ်များကို အမောခံနိုင်သည်၊ အိပ်ရေးပျက်ခံနိုင်သည်ဟုဆိုကာ စစ်အရာရှိများက မူးယစ်ဆေးဝါးများ တိုက်ကျွေး၊ နောက်တန်းမှ ပေးပို့သည့် တပ်ရိက္ခာများတွင်ပါ မူးယစ်ဆေးအထုပ်များ တစ်ပါတည်းပါလာ
ရန်ကုန်၊ အောက်တိုဘာ ၁၈
အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်များကို ရှေ့တန်းသို့ စေလွှတ်လျက်ရှိရာ ရှေ့တန်းရောက်ရှိချိန်တွင် စစ် တပ်အရာရှိများက အမောခံနိုင်သည်၊ အိပ်ရေးပျက်ခံနိုင်သည်ဟုဆိုကာ တပ်သားသစ်များကို မူးယစ်ဆေးဝါး တိုက်ကျွေး သုံးစွဲခိုင်းမှုများရှိနေကြောင်း စစ်မှုထမ်း အပတ်စဉ် ၁ သင်တန်းဆင်း တပ်သားသစ်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ဆက်သွယ်ပြောဆိုသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းရှိ ရှေ့တန်းစစ်မျက်နှာပြင်စခန်းများထံသို့ အပို့ခံရသည့် စစ်မှုထမ်းအပတ်စဉ် ၁ ဆင်း သင်တန်းသား တပ် သားသစ်တစ်ဦးက ၎င်းတို့တပ်မှ စစ်အရာရှိ ဗိုလ်ကြီးက ရှေ့တန်းစစ်မျက်နှာပြင်တွင် အမြဲနိုးနိုးကြားရှိရန်အတွက် အားဆေးသောက်သုံးရန်လိုအပ်သည်ဟုဆိုကာ မက်သာဖက်တမင်း ဆေးပြားများ ထုတ်ပေးကြောင်း၊ ဆေးပြား သုံးပုံးသုံးနည်းနှင့်တကွ သင်ပြပေးကြောင်း၊ လိုအပ်လျှင် ၎င်းထံမှ တောင်းခံနိုင်သည်ဟု ပြောဆိုပြီး ဆေးပြားအတွက် ကျသင့်သည့် ငွေကြေးလစာအတွင်းမှ ပြန်လည် နုတ်ယူမည်ဟု ပြောဆိုကြောင်း သိရှိရသည်။
“ရှေ့တန်းမှာ အမောခံ၊ အိပ်ရေးပျက်ခံနိုင်ဖို့ အားဆေးဆိုပြီး ဆေးပြားထုတ်ပေးတယ်။ ရေသန့်ဗူးနဲ့ ပိုက်နဲ့ ငွေရောင်စက္ကူ လိပ်ပြီး မီးရှို့ပုံ၊ ရှုပုံ ရှုနည်းကအစ အကုန်သင်ပြပေးတာ။ ကျနော်​က အရင်က ဆေးသုံးဖူးတယ်။ ပြန်ဖြတ်ထားတာ။ ဆေးသုံးခိုင်းတာသိလို့ စွဲမှာစိုးလို့ မသုံးဘူး။ အခြား တပ်သားသစ်တွေကတော့ လိုက်သုံးကြတယ်။ ဗိုလ်ကြီးကတော့ သူလည်း သုံး၊ တပ်သားသစ်တွေလည်းသုံးခိုင်းတယ်။ မသုံးချင်ရင်လည်း ရတယ်။ အတင်းအကျပ်တော့မဟုတ်ဘူး။ ဆေးပြားဖိုးကို လစာရမှ အဲဒီအထဲက ပြန်နုတ်မယ်ဆိုပြီး သူ့ဆီက ကြိုက်သလောက်ဆေးပြား တောင်းယူလို့ရတယ်။ ယူတဲ့ ဆေးပြားကို စာအုပ်ထဲမှာ တာလီချိုးပြီး မှတ်ထားတာ” ဟု ရန်ကုန်၊ တိုက်ကြီး အမှတ် ၁ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်းတွင် စစ်မှုထမ်း အပတ်စဉ် ၁ သင်တန်းဆင်းခဲ့သော တပ်သားသစ်က ရှင်းပြသည်။
စစ်ကောင်စီက ရှေ့တန်းစခန်းများသို့ လစာနှင့် ရိက္ခာထောက်ပို့မှုများ ပေးပို့ချိန်တွင် မက်သာဖက်တမင်း ဆေးပြား အထုပ်များ ပါ တပ်ရိက္ခာများနှင့်အတူ ပါလာကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခွင့်ကို တရားဝင် ခွင့်ပြုသည့်သဘောဟု ဆိုနိုင်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
“တောထဲမှာ ဘယ်က မက်သာဖက်တမင်းသွားဝယ်မလဲ။ အဲဒါ ရိက္ခာလာပိုတဲ့အချိန်မှာ အဲဒီဆေး ပြားထုပ်တွေပါ တစ်ခါတည်း ပါလာတယ်။ ရိက္ခာက တပ်ဘက်က စီစဉ်ပေးတာဆိုတော့ ဒီဘက်က လိုချင်တဲ့ ပစ္စည်းတွေကို စက်နဲ့ လှမ်းပေါက်ရတယ်။ အဲဒါ မှာတဲ့ပစ္စည်းတွေ အကုန်ထည့်ပေးတာ။ ၃ လလောက်နေပြီးတော့ ရှေ့တန်းကို နောက်တန်းက လူသစ်တစ်ဖွဲ့ ပြန်လာလဲတယ်။ ရိက္ခာတွေက အများကြီးမပို့ဘူး။ ၁၅ ရက်စာပဲ ပို့ပေးတယ်။ ပြောချင်တာက မူးယစ်ဆေးဝါးကတော့ ကြိုက်သလိုမှာလို့ရတယ်။ ကြိုက်သလောက် သုံးလို့ရတယ်။ တော်တော်များများ သုံးကြတယ်။ တောထဲမှာဆိုတော့ ဘာ အပျော်အပါးလည်းမရှိဘူး။ ဆေးပြားသုံး အရက်ဖိသောက်ပဲ။ အဲဒါပဲရှိတယ်” ဟု တပ်သားသစ်ကရှင်းပြသည်။
လတ်တလော ရှမ်းပြည်နယ်၊ ပင်လောင်းဘက်တွင် တာဝန်ကျနေကြသည့် စစ်မှုထမ်း သင်တန်း ဆင်း တပ်သားသစ်များ လစာပုံမှန်ရရှိကြသော်လည်း အများစုမှာ မူးယစ်ဆေးပြားဖိုးဖြင့်သာ အကုန်အကျများနေကြကြောင်း၊ လစာမှာလည်း အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းသင် တန်းဆင်း စစ်သားသစ် ၁ ဦးလျှင်လစာ ငွေကျပ် ၅ သိန်း ၁ သောင်းပေးမည်ဟုဆိုခဲ့သော်လည်း လက် တွေ့တွင် ၁ သိန်း ၇ သောင်းသာ ပေးပြီး လစာ အပြည့်အ၀ မပေးကြောင်း၊လစာအပြည့်အ၀ မရရှိဘဲ ရရှိသော လစာမှာလည်း မူးယစ်ဆေးဝါးအတွက် အဓိက သုံးနေရကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁ ကို မေလတွင် စတင်ဖွင့်လှစ်ခဲ့ပြီးယခုအခါ စစ်မှုထမ်းသင်တန်းအပတ်စဉ် ၆ သို့ ရောက်ရှိနေပြီဖြစ်သည်။
ဓာတ်ပုံ- စစ်မှုထမ်း သင်တန်းသား တပ်သားသစ်များ။