ရန်ကုန်၊ဒဂုံဧရာ အဝေးပြေးကားဝင်းတွင် စစ်မှုထမ်းရန်အတွက်ဟုဆိုကာ တစ်ရက်တည်း အမျိုးသား ၆၄ ဦး ပေါ်တာဆွဲ ဖမ်းဆီးခံရ၊ ရှမ်းအရှေ့သို့ ခရီးသည်တင်လေယာဉ်ဖြင့် ပို့ရန် ပြင်ဆင်နေစဉ် တချို့ ထွက်ပြေးလွတ်မြောက်

by

in

ရန်ကုန်၊ဒဂုံဧရာ အဝေးပြေးကားဝင်းတွင် စစ်မှုထမ်းရန်အတွက်ဟုဆိုကာ တစ်ရက်တည်း အမျိုးသား ၆၄ ဦး ပေါ်တာဆွဲ ဖမ်းဆီးခံရ၊ ရှမ်းအရှေ့သို့ ခရီးသည်တင်လေယာဉ်ဖြင့် ပို့ရန် ပြင်ဆင်နေစဉ် တချို့ ထွက်ပြေးလွတ်မြောက်
ရန်ကုန်၊ အောက်တိုဘာ ၁၇
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ရှိ ဒဂုံဧရာအဝေးပြေးကားဝင်းတွင် စစ်မှုထမ်းရန်အတွက်ဟုဆိုကာ အမည်မသိ အရပ်ဝတ်များဖြင့် လူအစုအဖွဲ့တစ်ခုက တစ်ရက်တည်း အမျိုးသား ၆၄ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ပြီး ရှမ်းအရှေ့သို့ ပြည်တွင်းခရီးသည်တင်လေယာဉ်ဖြင့် ပို့ရန် ပြင်ဆင်နေစဉ် တချို့ ထွက်ပြေးလွတ်မြောက်လာကြောင်း ထွက်ပြေးလွတ်မြောက်လာသူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒဂုံဧရာ အဝေးပြေးကားဝင်းတွင် အရပ်ဝတ်လူအစုအဖွဲ့တစ်ခုက တစ်ဦးတည်း သွားလာနေသော အမျိုးသားများကို ပစ်မှတ်ထား၍ စစ်သားသစ် စုဆောင်းရန် ပေါ်တာဆွဲမှုများ ပေါ်ပေါ်ထင်ထင် လုပ်ဆောင်လာပြီး ခြိမ်းခြောက် ရိုက်နှက်မှုများပါ ပြုလုပ်လာကြောင်း ဖမ်းဆီးခံရသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။
အောက်တိုဘာလ ၁၅ ရက်နေ့ ဒဂုံဧရာ အဝေးပြေးဝင်းအတွင်းတွင် အမျိုးသား ၆၄ ဦးကို အရပ်ဝတ် အမည်မသိ လူအစုအဖွဲ့ လိုရာ လိုက်ပို့ပေးမည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“လမ်းမသိလို့ ဘယ်ကားစီးရမလဲလို့ ကွမ်းယာဆိုင်ကို သွားမေးမိပါတယ်။ ကွမ်းယာဆိုင်ကနေ သူတို့ မသိလို့ ဟိုဘက်ကို သွားမေးလိုက်ပါလို့ ပြောပါတယ်။ ကျွန်တော်လည်း ခပ်လှမ်းလှမ်းမှာရှိတဲ့ အသက် ၃၀ အရွယ် သုံးဘီးဆိုင်ကယ်သမားကို သွားမေးလိုက်တယ်။ သုံးဘီးသမားက အဲ့ဒီဘက်ကို ပြန်စရာရှိတယ်။ ငါသိတယ် မင်းပြောတဲ့နေရာလိုက်ပို့မယ်ပြောပါတယ်။ ကျွန်တော်တက်လိုက်တဲ့ အချိန်မှာ ကျွန်တော်မသိတဲ့ လူစိမ်းတစ်ဦးကလည်း သုံးဘီးပေါ်တက်လာပါတယ်။ ရုံးတစ်ရုံးရှေ့ရောက်ပြီး အထဲကို ကျွန်တော်ကို ခေါ်သွားပြီး ထိုင်ခိုင်းပါတယ်။ ခဏထိုင်ခိုင်းပြီး မှတ်ပုံတင်နှင့် ဖုန်းကိုသိမ်းလိုက်ကြတယ်။ ဘာလုပ်ဖို့လာတာလဲ။ မိန်းမရှိလား ၊ ကလေးရှိလား ၊ တိုက်ရဲခိုက်ရဲလား မေးပါတယ်။ ကျွန်တော်သူတို့မေးတာကို သေချာပြန်မဖြေလို့ ကျွန်တော်ကို ထုရိုက်ပါတယ်။ နောက်သူတို့မေးရင် စစ်သားလုပ်ဖို့လာတာလို့ ဖြေရမယ်လို့ ခြိမ်းခြောက် ပြောဆိုပါတယ်။ ကျွန်တော်ကို ဓာတ်ပုံရိုက်ပြီး Viber နဲ့ ပို့ပြီး အနီပါလာဆိုပြီး သူတို့အချင်းချင်းပြောနေကြတယ်” ဟု ဒဂုံဧရာအဝေးပြေးဝင်းတွင် အောက်တိုဘာလ ၁၅ ရက်နေ့ ပေါ်တာဆွဲဖမ်းဆီးခံရတစ်ဦးက ရှင်းပြသည်။
ဒဂုံဧရာအဝေးပြေးဝင်းမှ ဖမ်းဆီးခေါ်ဆောင်လာသူများကို သွေးစစ်ရန် နေရာကို ထပ်မံခေါ်ဆောင်သွားပြီးနောက် ယူနီဖောင်းဝတ်စစ်သားများက သွေးစစ်ဆေးမှုများ ပြုလုပ်ခြင်း၊ ဆံပင်ညှပ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ ထို့နောက် လူ ၆၄ ဦးရှိသော အခန်းတစ်ခန်းကို ထပ်မံခေါ်ဆောင်လာပြီး ယူဖောင်းဝတ် စစ်သားများက မေးမြန်းခြင်း၊ ဖြေဆိုခြင်းမရှိသူများကို ရိုက်နှက်ခြင်း၊ အိမ်ပြန်ချင်သူများကို ရိုက်နှက်ခြင်းများ လုပ်ဆောင်ကြောင်း သိရသည်။
“သွေးစစ်ဖို့လိုတယ်ပြောပြီး နောက်တနေရာကို ထပ်ခေါ်သွားပါတယ်။ ဟိုရောက်တော့ ယူနီဖောင်းနဲ့ စစ်သားတွေ အဝင်ဝမှာ တွေ့ပါတယ်။ သွေးစစ်တာ ၄၅ မိနစ်ကြာရင် အဖြေရမယ်ပြောပါတယ်။ ပြောပြီး သိပ်မကြာဘူး အဖြေရတော့ နောက်တစ်နေရာထပ်ခေါ်သွားတယ်။ ကျွန်တော့်ဆံပင်တွေကို အလယ်ကွက်လေးဆံပင်ပဲချန်ထားပြီး အကုန်ညှပ်လိုက်တယ်။ စစ်သားတစ်ယောက်က ကျွန်တော်အပါအဝသ် လူ ၆၄ ဦး ရှိတဲ့အခန်းထဲ ခေါ်သွားပါတယ်။ အခန်းထဲရှိတဲ့ သူတွေကိုမေးကြည့်တော့ သူတို့လည်း အဆွဲခံရလို့ အခုလိုပါလာတာလို့ပြောပါတယ်။ သူတို့ဆံပင်တွေလည်း ကျွန်တော့်လိုပဲ ညှပ်ပေးထားတာတွေ့ရပါတယ်။ သူတို့မေးတာဖြေရတယ်။ မဖြေရင် ယူနီဖောင်းဝတ် စစ်သားတွေက ထုရိုက်နှက်ကြတယ်။ အိမ်ပြန်ချင်တဲ့သူရှိလားမေးပြီး ပြန်ချင်တယ်ပြောတယ်လို့ ဖြေရင် ထုရိုက်ကြပါတယ်။ ကျွန်တော်အဲ့မှာ ညအိပ်ခဲ့ရတယ်” ဟု ပေါ်တာဆွဲဖမ်းဆီးခံရသူက ထပ်မံ ပြောဆိုသည်။
အောက်တိုဘာလ ၁၆ ရက်နေ့ နံနက် နံနက် ၄ နာရီ ၃၀ မိနစ်ခန့်တွင် အသက် ၄၀ အရွယ် အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၁ ဦးက ပေါ်တာဆွဲဖမ်းဆီးခံရသူများကို စစ်သင်တန်း တက်ရောက်ရန် ကျိုင်းတုံသို့ လေယာဉ်ဖြင့် သွားရောက်မည်ဟု ပြောဆိုပြီး လာရောက်ခေါ်ဆောင်ကြောင်း၊ လေဆိပ်သို့ ရောက်ရှိချိန်တွင် မှတ်ပုံတင်နှင့် လေယာဉ်လက်မှတ်ပေး၍ အဝေးမှ စောင့်ကြည့်မှုများ လုပ်ဆောင်ပြီး လေယာဉ် သို့ မတက်မီ ပေါ်တာဆွဲခံရသူတချို့ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သိရှိရသည်။
“နောက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်မှာ မိန်းမကြီး ၁ ဦးနဲ့ အမျိုးသား ၁ ဦးက ကျွန်တော့်ကို ကျိုင်းတုံသွားဖို့ လေဆိပ်ကို သွားရမယ်ပြောပါတယ်။ ကျွန်တော်ကို ဘေးဘယ်ညာ တယောက်စီက စောင့်ကြည့်ပြီး လေဆိပ်ထိခေါ်သွားပါတယ်။ နံနက် ၆ နာရီလောက်မှာ လေဆိပ်ရောက်ပြီး ကျိုင်းတုံ အရောက်ကို စစ်သင်တန်းသွားတက်ရမယ်လို့ မိန်းမကြီးကပြောပါတယ်။ ကျွန်တော်တော့ ရောင်းစားခံရပြီလို့ ထင်လိုက်ပါတယ်။ ကျွန်တော့်လက်ထဲကို မှတ်ပုံတင်နှင့် လေယာဉ်လက်မှတ်ထည့်ပေးပြီး ခပ်လှမ်းလှမ်းကနေ စောင့်ကြည့်နေကြပါတယ်။ လေယာဉ်ပေါ်တက်ဖို့ ကားပေါ်ရောက်ချိန် သူတို့ပြန်သွားကြပါတယ်။ ကျွန်တော်လည်း သူတို့မရှိချိန်မှ နီးစပ်ရာလူတွေကို အကျိုးအကြောင်းပြောပြပြီး အကူအညီတောင်းပြီး ကျွန်တော်အသိတွေကို ဆက်သွယ်ပြီးတော့ လာခေါ်ခိုင်းလိုက်ပါတယ်။ ဖမ်းတဲ့သူတွေက စစ်မှုထမ်းစုဆောင်းတဲ့ ပွဲစားလူမိုက်တွေ ဖြစ်ဖို့များတယ်။ စစ်သားတွေလည်းပါနိုင်ပါတယ်။ လူဖမ်းပြီး တပ်က ငွေယူလုပ်ကြတယ်လို့ ထင်ပါတယ်” ဟု ပေါ်တာဆွဲ ဖမ်းဆီးခံရသူက ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်း အပတ်စဉ် ၆ အတွက် စက်တင်ဘာလဆန်းပိုင်းမှ အောက်တိုဘာလလယ်အထိ နိုင်ငံတစ်ဝန်းတွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ တောက်လျှောက် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ- စစ်ကောင်စီ၏ မွန်ပြည်နယ်ဝန်ကြီးချုပ် အောင်ကြည်သိန်း စစ်မှုထမ်းရန် အတင်းအကျပ် စုဆောင်းခံထားရသော စစ်မှုထမ်း အပတ်စဉ် ၆ တက်ရောက်ကြမည့် လူငယ်များကို ယမန်နေ့ တွေ့ဆုံနေစဉ်။