မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်ပထုတ်ကုန် ပစ္စည်းမှန်သမျှကို စစ်ကောင်စီက ပူးပေါင်းအဖွဲ့များဖြင့် ဖမ်းဆီးစစ်ဆေး သိမ်းယူပြီး လက်ဝယ်ထားရှိသူများကို ထောင်ဒဏ် ၃ နှစ်အထိချနိုင်သည့် ပို့ကုန်သွင်းကုန်ဥပဒေဖြင့် အမှုဖွင့်တရားစွဲ

by

in

မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်ပထုတ်ကုန် ပစ္စည်းမှန်သမျှကို စစ်ကောင်စီက ပူးပေါင်းအဖွဲ့များဖြင့် ဖမ်းဆီးစစ်ဆေး သိမ်းယူပြီး လက်ဝယ်ထားရှိသူများကို ထောင်ဒဏ် ၃ နှစ်အထိချနိုင်သည့် ပို့ကုန်သွင်းကုန်ဥပဒေဖြင့် အမှုဖွင့်တရားစွဲ
ရန်ကုန်၊ အောက်တိုဘာ ၁၇
မြန်မာနိုင်ငံတစ်ဝန်းလမ်းမများပေါ်တွင် သွားလာနေသော ကုန်ကားများနှင့် အိမ်စီးကားများတွင် တင်ဆောင်ထားသော ပြည်ပကုန်ပစ္စည်းမှန်သမျှကို စစ်ကောင်စီက ပူးပေါင်းအဖွဲ့များဖြင့် ဖမ်းဆီးစစ်ဆေးနေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
အောက်တိုဘာလဆန်းပိုင်းမှစတင်ပြီး စစ်ကောင်စီက ထွေ/အုပ်၊ ရဲ၊ စစ်တပ်နှင့် စားသုံးသူရေးရာ ဦးစီးဌာန၊ အကောက်ခွန်၊ စီးပွား/ကူးသန်း အပါအဝင် ဌာနပေါင်းစုံ ပါဝင်သော ပူးပေါင်းအဖွဲ့များကို ဖွဲ့စည်းပြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ခေါင်းစဉ်ဖြင့် လမ်းမများတွင် ဂိတ်ချ စစ်ဆေးမှုများ တင်းကျပ်စွာဖြင့် ဆောင်ရွက်လာခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် သွင်းကုန်လိုင်စင်နှင့်စာရွက်အထောက်အထား မပြနိုင်သော ပြည်ပထုတ်ကုန်မှန်သမျှကို ဖမ်းဆီး စစ်ဆေးလျက်ရှိပြီး ယာဉ်မောင်းများကိုပါ ပို့ကုန်သွင်းကုန်ဥပဒေဖြင့် အမှုဖွင့် လျက်ရှိကြောင်း သိရှိရသည်။
“ရန်ကုန်-မန္တလေး အမြန်လမ်း၊ လမ်းဟောင်း၊ မန္တလေး-လားရှိုးလမ်း၊ ညောင်ခါးရှည်ဂိတ်၊ မုပ္ပလင်ဂိတ်တွေမှာ တရားမဝင်ကုန်ပစ္စည်းတွေ မဝင်လာအောင် ပိုပြီးတော့ တိုးမြှင့်စစ်ဆေးနေပါတယ်။ ရေကြောင်း၊ လေကြောင်း၊ ကုန်ကြောင်း၊ အကုန်လုံးမှာ စစ်ဆေးနေပါတယ်။ နောက်ပြီး မြို့နယ်တွေမှာလည်း ထွေ/အုပ်၊ ရဲ၊ မီးသတ်နဲ့ FDA ၊ စားသုံးရေးရာဦးစီး ဌာန၊ စီးပွား/ကူးသန်း စုပေါင်းအဖွဲ့တွေက ဆိုင်တွေနဲ့ စျေးဆိုင်တွေ၊ ကုန်တိုက်တွေကိုလည်း စစ်ဆေးနေပါတယ်။ ပြည်ပက သွင်းတဲ့ တစ်ကိုယ်ရည်သုံး လူသုံးကုန် ကစလို့ လုပ်ငန်းသုံး၊ ဆေးဝါး အကုန်စစ်ဆေးပါတယ်။ သွင်းကုန် အထောက်အထား မပြနိုင်ရင်တော့ အကုန်သိမ်းမယ့်အပြင် လက်ဝယ်ထားရှိသူနဲ့ တင်သွင်းသူကိုလည်း ပို့ကုန်သွင်းကုန်ဥပဒေနဲ့ အမှုဖွင့် အရေးယူတာတွေ လုပ်နေပါတယ်” ဟု စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
လက်ရှိ စျေးဆိုင်များ၊ ကုန်တိုက်များ၊ ကားများပေါ်တွင် ပြည်ပမှ သွင်းကုန်များကို တစ်ကိုယ်ရည်သုံးမှ လုပ်ငန်းသုံးအထိ ခွင့်ပြုချက်မရှိဘဲ တင်သွင်းသူများကို ပို့ကုန်သွင်းကုန်ဥပဒေဖြင့် အမှုဖွင့်မည်ဖြစ်ပြီး အဆိုပါ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ နှင့် ပုဒ်မ ၉ အရ ထောင်ဒဏ် ၃ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ် ၂ ရပ်လုံးဖြစ်စေ ချမှတ်မည်ဖြစ်ကြောင်း သိရှိရသည်။
“အခု ဆိုင်တွေ၊ ဂိုဒေါင်တွေ၊ ပွဲရုံတွေကိုလည်း ဝင်စစ်တယ်။ ဆေးဆိုင်တွေလည်းပါတယ်။ အဲဒါတွေမှာ ဝင်စစ်လို့ မိရင်တော့ လက်ရှိမှာတော့ ပစ္စည်းသိမ်းမယ့်အပြင် ပို့ကုန်သွင်းကုန် ဥပဒေနဲ့ပါ အမှုဖွင့် အရေးယူခံရမှာဖြစ်ပါတယ်။ တရားမဝင် ပြည်ပကုန်ပစ္စည်းတွေ မတင်ထားဖို့ လိုပါတယ်။ တင်ထားတဲ့ ပြည်ပသွင်းကုန်တွေမှာ စာရွက်စာတမ်းအထောက်အထားနဲ့ သွင်းကုန်လိုင်စင်တွေ ရှိနေဖို့လိုပါတယ်” ဟု စီးပွား/ကူးသန်း သတင်းရင်းမြစ်က ဆက်လက်ရှင်းပြသည်။
နိုင်ငံတစ်ဝန်းမှ ပြည်ပသွင်းကုန်မှန်သမျှ ဖမ်းဆီးရန် ညွှန်ကြားချက်မှာ အောက်တိုဘာလ ၉ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီအစည်းအဝေး ၄/ ၂၀၂၄ တွင် အကြမ်းဖက်ဒု စစ်ခေါင်းဆောင် စိုးဝင်းက လက်နက်ကိုင်အဖွဲ့အစည်းများကို သက်ဆိုးရှည်စေသော တရားမဝင် ကုန်သွယ်မှု ကြီးထွားလာနေခြင်းကို တိုက်ဖျက်တားဆီးရန်၊ လမ်းကြောင်းများတွင် စောင့်ကြည့်ဖမ်းဆီးရမည့်အပြင် ဂိုဒေါင်များနှင့်သိုလှောင်ရုံများကိုလည်း လိုက်လံစစ်ဆေး ဖမ်းဆီးရန်၊ စျေးကွက်များအတွင်းထိပါ ကွင်းဆင်း၍ ဖမ်းဆီး စစ်ဆေးအရေးယူရန် ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ကားများနှင့်ကုန်ပစ္စည်းများကို ဖမ်းဆီးစစ်ဆေးနေသော စစ်ကောင်စီလက် အောက်ခံ ဌာနပူးပေါင်းအဖွဲ့။ (ပုံအဟောင်းဖြစ်ပါသည်။)