Breaking News- လေ့ကေ့ကော်အနီးရှိ စစ်ကောင်စီတပ်၏ စွယ်တော်ကုန်း လက်နက်ကြီး ဗျူဟာစစ်စခန်းကို KNLA၊ PDF ပူးပေါင်း တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်၊ တပ်မ ၄၄ ဗျူဟာမှူးနှင့် စစ်ကောင်စီတပ်သားများ ထွက်ပြေး

by

in

Breaking News- လေ့ကေ့ကော်အနီးရှိ စစ်ကောင်စီတပ်၏ စွယ်တော်ကုန်း လက်နက်ကြီး ဗျူဟာစစ်စခန်းကို KNLA၊ PDF ပူးပေါင်း တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်၊ တပ်မ ၄၄ ဗျူဟာမှူးနှင့် စစ်ကောင်စီတပ်သားများ ထွက်ပြေး
ရန်ကုန်၊ အောက်တိုဘာ ၁၇

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ လေ့ကေ့ကော်မြို့သစ်အနီးရှိ စစ်ကောင်စီတပ်၏ စွယ်တော်ကုန်း လက်နက်ကြီး ဗျူဟာစစ်စခန်းကို KNLA ဦးဆောင်သော တော် လှန်ရေးတပ်များ ယနေ့ နံနက်ပိုင်း တိုက်ခိုက်သိမ်းပိုက်ရရှိကြောင်း KNLAနှင့်PDF သတင်းရင်းမြစ်က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ၅ နာရီအချိန် လေ့ကေ့ကော်မြို့သစ်အနီး စွယ်တော်ကုန်း(ခ) ခွေးကုန်း စစ်တပ်ဗျူဟာစခန်းကို KNLA ၊ ကော်ဘရာစစ်ကြောင်း၊ PDF ပူးပေါင်းစစ်ကြောင်းများက သိမ်းပိုက်ရရှိကြောင်း၊ လက် နက်ခဲယမ်းများ သိမ်းဆည်းရရှိပြီး စစ်သုံ့ပန်းများလည်း ဖမ်းဆီးရရှိကြောင်း၊ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများတွင် စစ်သုံ့ပန်းများ၊ ၁၂၀ မမ လက် နက်ကြီးများ၊ ပွိုင့်ဖိုက်များ ပါဝင်ကြောင်း သိရှိရသည်။
“လေ့ကေ့ကော်အနီး စွယ်တော်ကုန်း(ခ) ခွေးကုန်း ရန်သူဗျူဟာ စခန်းကို KNLA နဲ့ ကော်ဘရာ PDF ပူးပေါင်းတပ်တွေ ဒီမနက် ၅ နာရီလောက် မှာ သိမ်းဆည်းရမိပြီ၊ ရန်သူ တပ်မ ၄၄ ဗျူဟာမှုးနဲ့ အများစု စခန်းစွန့်ထွက်ပြေးပါတယ်။ လတ်တလောက် ၁၂၀ မမ၊ ပွိုင့်5 အပါ လက်နက်အများစုသိမ်းဆည်းရမိထားပြီး ရန်သူ သုံ့ပန်းတချို့လည်း ရရှိထားပါတယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
ယနေ့ သိမ်းပိုက်ရရှိသော စွယ်တော်ကုန်း လက်နက်ကြီး ဗျူဟာစခန်းသည် ပြည်သူများနေထိုင်သော ကျေးရွာများသို့ လက်နက်ကြီးများဖြင့် အမြဲလိုလို ပစ်ခတ်နေသော စစ်တပ်၏ လက်နက်ကြီးစခန်းဖြစ်ပြီး KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက ၃ လနီးပါး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။