စစ်ကောင်စီအတွက်နောက်ဆုံးနေ့ရက်များ ရောက်ရှိလာပြီဖြစ်ပြီး တော်လှန် ရေး အောင်ပွဲ မုခ်ဦးကို မြင်နေရပြီဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ပြော

by

in

စစ်ကောင်စီအတွက်နောက်ဆုံးနေ့ရက်များ ရောက်ရှိလာပြီဖြစ်ပြီး တော်လှန် ရေး အောင်ပွဲ မုခ်ဦးကို မြင်နေရပြီဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ပြော
ရန်ကုန်၊ ဩဂုတ် ၁၁

အကြမ်းဖက် စစ်ကောင်စီအတွက်နောက်ဆုံးနေ့ရက်များ ရောက်ရှိလာပြီဖြစ်ပြီး တော်လှန်ရေး အောင်ပွဲ မုခ်ဦးကို မြင်နေရပြီဟု အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောဆိုလိုက်သည်။
ယမန်နေ့ ပြုလုပ်ခဲ့သည့် ပြည်သူ့များသို့ အောင်စကား စကား၀ိုင်းတွင် NUG ကာကွယ်ရေးဝန်ကြီးက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။
ယခုရက်ပိုင်းအတွင်း စစ်ကောင်စီ၏ အင်အားအကြီးဆုံးဟု ပြောဆိုနိုင်သော အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို တိုက်ခိုက် သိမ်းပိုက်ရရှိမှုသည် နောက်ထပ် မည်သည့် စစ်တိုင်းဌာနချုပ်ကမှ တော်လှန်ရေး၏ အားကို ခံနိုင်တော့မည့် အခြေအနေ မရှိတော့သည့်အဓိပ္ပာယ်ပင်ဖြစ်ကြောင်း၊ စစ်ကောင်စီ၏ နောက်ဆုံးနေ့ရက်များ ရောက်ရှိလာပြီဖြစ်ကြောင်း ဦးရည်မွန်က ပြောဆိုသည်။
“ဒီနေ့တွေက စစ်ကောင်စီရဲ့ နောက်ဆုံးနေ့တွေ ရောက်လာပြီလို့ပြောရမယ်။ စစ်ကောင်စီတပ်ဆိုရင် လက်နက်မဲ့ ပြည်သူအပေါ်မှာသာ အနိုင်ကျင့် ဗိုလ်ကျတဲ့အလုပ် ဒီအလုပ်လောက်ပဲ တတ်နိုင်တာ။ လက်နက်ကိုင်ထားတဲ့ အဖွဲ့အချင်းချင်းခေါင်းကို မဖော်နိုင်တော့တဲ့ တပ်တစ်ခုဖြစ်နေပြီဆိုတာလည်း ပိုပြီးတော့ ထင်ရှားလာတယ်ပေါ့။ ဒီရက်ပိုင်းကိုဆိုရင် တိုင်းစစ်ဌာနချုပ်တစ်ခု ကျဆုံးသွားခဲ့ပြီ။ ဒီတိုင်းစစ်ဌာနချုပ်ဆိုရင်လည်း စစ်ကောင်စီရဲ့ တိုင်းစစ်ဌာနချုပ်တွေထဲမှာ အားအကောင်းဆုံး အကြီးဆုံး ရမခဌာနချုပ်ဖြစ်တယ်။ ရမခ ကျသွားပြီဆိုတဲ့အဓိပ္ပာယ်က နောက်ထပ် ဘယ်လိုစစ်ဌာနချုပ်ကမှ တော်လှန်ရေးရဲ့ အားကို ခံနိုင်တော့မယ့် အနေအထားမရှိတော့ဘူးဆိုတာကိုလည်းပဲ ဖော်ပြနေတယ်လို့ ဒီလိုနားလည်တယ်။ ပြည်သူအပေါ် ဗိုလ်ကျ ခဲ့တဲ့ လက်နက်ကိုင်အဖွဲ့၊ မထီမဲ့မြင်ပြုခဲ့တဲ့ လက်နက်ကိုင်အဖွဲ့ ဒီကနေ့ ပြည်သူတွေရဲ့ ဒဏ်ခတ်မှုကို မရှုမလှ ခံနေရတယ်လို့ ပြောရမှာပေါ့။ သို့သော် စစ်ခေါင်းဆောင်တွေကတော့ ယနေ့အထိ အသိတရားမဝင်သေးဘူး။ အမြင်မှန်မရသေးဘူး။ အခုထိ မိုက်လုံးကြီးနေဆဲဆိုတာလည်း ကျနော်တို့တွေ့ရတယ်” ဟု NUG ကာကွယ်ရေးဝန်ကြီးက ပြောဆိုသည်။
လက်ရှိတော်လှန်ရေး၏ အောင်မြင်မှုအခြေအနေများကို အုပ်စု ၄ ခုခွဲ၍ တိုင်းတာနိုင်ပြီး ပထမအုပ်စုတွင် မြို့ ၇၅ မြို့ကို တော် လှန်ရေးတပ်များက အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း၊ ဒုတိယအုပ်စုအနေဖြင့် မြို့ပေါင်း ၁၀၅ မြို့ကို တော်လှန်ရေးတပ်များက ၀ိုင်းဝန်းပိတ်ဆို့ထားကြောင်း၊ တတိယအုပ်စုတွင် ပြည်သူ့တော်လှန်စစ်ဖြစ်နေသည့် မြို့ပေါင်း ၇၄ မြို့ရှိကြောင်း၊ တတိယအုပ်စုအနေဖြင့် စစ်ကောင်စီက အလုံးစုံ ထိန်းချုပ်ထားသော မြို့ပေါင်း ၉၈ မြို့ရှိကြောင်း၊ ထို့ကြောင့် တော်လှန် ရေး၏ အောင်ပွဲ မုခ်ဦးကို မြင်နေရပြီဟုဆို နိုင်ကြောင်း ဦးရည်မွန်က ဆက်လက်ပြောဆိုသည်။
“စစ်ကောင်စီထိန်းချုပ်ထားတဲ့မြို့က ၁၀၀ မပြည်တော့ဘူး။ ၉၈မြို့ပဲရှိတော့တယ်။ အဲဒီတော့ စစ်ကောင်စီထိန်းချုပ်ထားတာက မြို့အားလုံးရဲ့ ၂၈ ရာခိုင်နှုန်းပဲရှိတော့တယ်ဆိုတာကို ကျနော်တို့ တွေ့ရတယ်။ စစ်ရေးအရ အရေးကြီးတဲ့ အောင်မြင်မှုတွေဘာကြောင့်ရနေလဲ ။ တော်လှန်ရေးအင်အားစုအားလုံး နိုင်ငံ ရေးရော စစ်ရေးမှာပါ ဟန်ချက်ညီမှုရဲ့ အသီးအပွင့်လို့ပြောလို့ရပါတယ်။ ဒီဟန်ချက်ညီမှု ကြောင့်ရလာတဲ့ ရလဒ်ဆိုတာက ဒါလည်း အင်မတန်ရှင်းတယ်။ ကျနော်တို့ တော်လှန်ရေးအောင်ပွဲရယူဖို့ဆိုရင်လည်း နိုင်ငံရေးနဲ့စစ်ရေး ဟန် ချက်ညီမှုကို ဆက်ပြီးတော့ ထိန်းကြဖို့လိုအပ်ပါတယ်။ အခုဆိုရင်တောင် တော် လှန်ရေးအောင်ပွဲရဲ့ မုခ်ဦးကို လှမ်းမြင်နေရပြီလို့ ပြောနိုင်တဲ့အနေအထားပါ” ဟု ၎င်းက ဆိုသည်။
လတ်တလော အခြေအနေသည် တော်လှန်ရေးအင်အားစုများအကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး၊ နားလည်မှုနှင့် ယုံကြည်မှု တည်ဆောက်ရေး အရေးကြီးလာကြောင်း၊ အချင်းချင်းအကြားမှ နိုင်ငံရေးရပ်တည်နှင့် နိုင်ငံရေးလမ်းစဉ် ပိုမို အားကောင်းလာရန် လိုအပ်နေကြောင်း NUG ကာကွယ်ရေးဝန်ကြီးက ထောက်ပြ ပြောဆိုသွားသည်။