မန္တလေးမှာ ပြည်သူကို ဖမ်းဆီးငွေညှစ်နေတဲ့ ယာဉ်ထိန်းရဲမေ ပစ်ခတ်ခံရ၊ ရင်ဘတ်ဖောက်ထွက် ဒဏ်ရာရပြီး အသက်အန္တရာယ် စိုးရိမ်ရဟုဆို၊

by

in

မန္တလေးမှာ ပြည်သူကို ဖမ်းဆီးငွေညှစ်နေတဲ့ ယာဉ်ထိန်းရဲမေ ပစ်ခတ်ခံရ၊
ရင်ဘတ်ဖောက်ထွက် ဒဏ်ရာရပြီး အသက်အန္တရာယ် စိုးရိမ်ရဟုဆို၊
ဒေါ်လာ/MFP ၊ အောက်တိုဘာ – ၁၃
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊ ၆၂လမ်း၊ ၁၂၄လမ်းနဲ့ ၁၂၅လမ်းကြားမှာ နေရာယူပြီး လမ်းသွားလမ်းလာ ပြည်သူတွေကို လက်နက်ပြ မိုက်ကြေးခွဲ ငွေညှစ်နေတဲ့ စစ်အုပ်စု လက်အောက်ခံ ဒု-ရဲအုပ် အဆင့် ယာဉ်ထိန်းရဲမေ အမျိုးသမီးတစ်ဦး ဒီကနေ့ ညနေပိုင်း သေနတ်နဲ့ ပစ်ခတ်ခံရတယ်လို့ သတင်းရရှိပါတယ်။
အဲ့ဒီ ပြည်ကြီးတံခွန်မြိုနယ်၊ (စ)ရပ်ကွက်၊ ၆၂လမ်းပေါ်မှာ ယာဉ်ထိန်းရဲနဲ့ ပျူစောထီး စုစုပေါင်း ၁၁ ဦး အုပ်စုဖွဲ့ နေရာယူကာ လမ်းသွားလမ်းလာတွေကို စစ်ဆေးငွေညှစနေချိန် ဆိုင်ကယ်နဲ့လာတဲ့ အမျိုးသားနှစ်ဦးက သေနတ်နဲ့ ပစ်ခတ်တာလို့ မန္တလေးနန်းတွင်း အခြေပြု အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် – လပခ လက်အောက်ခံ စစ်လော်ဘီတွေက သတင်းဖြန့်ပါတယ်။
“ရဲအုပ် ဦးစီး (၃+၈)ဦး‌ဆောင်၍ ယာဉ်စစ်လုပ်ငန်း ဆောင်ရွက်နေစဉ် အမည်မသိ အမျိုးသား နှစ်ဦး (CZIဆိုင်ကယ်၊ အရောင်မမှတ်မိ၊ နံပါတ် စိစစ်ဆဲ) ဆိုင်ကယ်ဖြင့် မြောက်မှတောင်သို မောင်း‌နှင်လာစဉ် ဒုရဲအုပ် -ဇော်အား သေနတ်အတို (စိစစ်ဆဲ)ဖြင့် ပစ်ခတ်ခဲ့ရာ ဒုရဲအုပ် -ဇော်၏ နောက်ညာဘက်လက်ပြင်မှ ဖောက်ဝင်၍ ရှေ့ရင်ဘက်သို့ ဖောက်ထွက်ဒဏ်ရာ တစ်ချက် (စိုးရိမ်ရ)ရရှိ” လို့ စစ်လော်ဘီတွေက ဆိုပါတယ်။
လမ်းပေါ်တက်ပြီး ပြည်သူကို ငွေညှစ်နေတဲ့ ယာဉ်ထိန်းရဲ အမျိုးသမီးတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရတာ ဖြစ်ပြီး ကနဦးက လက်မောင်းပဲ ထိတယ်လို့ သတင်းကြားရပေမယ့် ရင်ညွန့်ကိုထိကာ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ကြားရကြောင်း မန္တလေးမြေပြင်ကင်းထောက် Mdy Revolution က ဖော်ပြပါတယ်။
အဲ့ဒီ ပစ်ခတ်မှု ဖြစ်ပြီးနောက် စစ်အုပ်စုက မြို့အနှံ့မှာ လမ်းသွားလမ်းလာတွေကို စစ်ဆေးငွေညှစ်တာတွေ ပိုမို လုပ်နေပြီး ဖုန်းနဲ့ VPN တွေကိုပါ စစ်နေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
မန္တလေးမှာ ယာဉ်ထိန်းရဲတွေ ဦးဆောင်ပြီး စည်ပင်၊ ပျူ၊ ထွေအုပ်၊ မီးသတ် စတဲ့ အဖွဲ့တွေ ပူးပေါင်းကာ နေ့စဉ်နဲ့အမျှ လမ်းသွားလမ်းလာတွေကို စစ်ဆေးငွေညှစ်နေပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေး ပညာပေးတာမျိုး မဟုတ်ဘဲ လမ်းထောင့်တွေမှာ ပုန်းခိုနေကာ ကားနဲ့ဆိုကယ်တွေကို တားဆီးငွေညှစ်တာဖြစ်ပြီး စစ်အုပ်စုရဲ့ ဖမ်းဆီးခံရပါက အနည်းဆုံး ကျပ်သုံးသောင်းပေးမှ ပြန်လွတ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။
လက်ရှိမှာ စစ်အုပ်စုက မန္တလေးမြို့အနှံ့ ရပ်ကွက်နဲ့ လမ်းတွေမှာ ဂိတ်တွေ ဖွင့်ထားပြီး မြို့ခံတွေကို ဖမ်းဆီးငွေညှစ်တာ၊ လမ်းသွားလမ်းလာတွေကို ယာဉ်စည်းကမ်း အကြောင်းပြပြီး ဖမ်းဆီးငွေညှစ်တာ၊ ပေါ်တာဆွဲတာ၊ စိတ်ထင်တိုင်း ပစ်သတ်တာတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။