မတ္တရာက PDF သိမ်းထားတဲ့နေရာတွေ စစ်အုပ်စု ပြန်လည် ထိုးစစ်ဆင်လာလို့ တိုက်ပွဲဖြစ်၊
နယ်မြေတွေ ဆက်လက် ထိန်းချုပ်ထားနိုင်ပြီး စစ်အုပ်စု အလောင်းနဲ့ လက်နက်တွေ ရရှိဟု MDY-PDF ပြော၊
တေဇ/MFP ၊ အောက်တိုဘာ – ၁၃
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းက တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ နယ်မြေတွေ ပြန်လည် ရရှိရေး စစ်အုပ်စုက လေကြောင်းနဲ့ လက်နက်ကြီး ပစ်ကူကာ မြေပြင်စစ်ကြောင်းတွေ ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) – MDY-PDF က သတင်းထုတ်ပြန်ပါတယ်။
ယခု အောက်တိုဘာလဆန်းက စလို့ မတ္တရာမြို့နယ် အရှေ့ခြမ်းနဲ့ အနောက်ခြမ်းရှိ တော်လှန်ရေးတပ်တွေ သိမ်းပိုက် ထားတဲ့ နယ်မြေတွေကို စစ်အုပ်စုက ပြန်လည် ထိုးစစ်ဆင် တိုက်ခိုက်နေတာလို့ MDY-PDF ပြန်ကြားရေး တာဝန်ခံ ကိုအော်စမွန်က ပြောပါတယ်။
“မတ္တရာမြို့နယ်ထဲမှာတော့ ဒီလ လဆန်းပိုင်းက စပြီး တိုက်ပွဲတွေ တောက်လျှောက် ဖြစ်ပါတယ်။ မတ္တရာမြို့ အရှေ့ဘက်ခြမ်းရော၊ အနောက်ဘက်ခြမ်းရော တိုက်ပွဲဖြစ်နေတယ်လို့ ပြောလို့ရပါတယ်။ စစ်ကောင်စီဘက်က သူတို့ လက်လွှတ်ရတဲ့ နေရာတွေကို ပြန်လည် ရရှိဖို့အတွက် တန်ပြန် ထိုးစစ်ဆင်လာတယ်လို့ ပြောရင် ရပါတယ်။ လေကြောင်းရော၊ လက်နက်ကြီးရော၊ မြေပြင်စစ်ကြောင်းတွေရော တပြိုင်တည်း အသုံးပြုပြီးတော့ ထိုးစစ်ဆင်လာတာ ဖြစ်ပါတယ်ဗျ။ လက်ရိ အချိန်ထိမှာတော့ ကျနော်တို့ ထိန်းချုပ်ထားတဲ့၊ သိမ်းဆည်းထားတဲ့ စစ်စခန်းတွေ၊ တပ်စခန်းတွေကို အပြည့်အဝ ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်”
လက်ရှိအချိန်ထိ သိမ်းယူထားတဲ့ နယ်မြေတွေကို အပြည့်အဝ ဆက်လက် ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်ပြီး တိုက်ပွဲကနေ စစ်အုပ်စု အလောင်းနဲ့ လက်နက်တွေ ထပ်မံ သိမ်းဆည်း ရရှိတယ်လို့ MDY-PDF ပြန်ကြားရေး တာဝန်ခံ ကိုအော်စမွန်က ပြောပါတယ်။
“မတ္တရာမြိုနယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) မှ သိမ်းယူထားသော တပ်စခန်းများကို ပြန်လည် ရရှိရန် စစ်ကောင်စီမှ ကြိုးစားလျက် ရှိသောကြောင့် တိုက်ပွဲများနေ့စဉ် ဖြစ်ပွါးလျက်ရှိသည်။ အကြမ်းဖက် စစ်ကောင်စီသည် လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှု များသာမက မြေပြင် စစ်ကြောင်းများကိုပါ အသုံးပြု၍ တန်ပြန် ထိုးစစ်ဆင်လျက် ရှိသော်လည်း မိမိတို ပြည်သူ့ ကာကွယ်ရေး တပ်မတော်(မန္တလေး)မှ သိမ်းယူထားသော တပ်စခန်းများကို အပြည့်အဝထိန်းချုပ်ထားဆဲ ဖြစ်သည်။ အဆိုပါ တိုက်ပွဲများတွင် လက်နက်ခဲယမ်းများနှင့် ရန်သူ့အလောင်းများ သိမ်းဆည်းရမိခဲ့သည်။ အကြမ်းဖက် စစ်ကောင်စီသည် မတ္တရာမြိုနယ် တိုက်ပွဲများအတွင်း စစ်ရေးပစ်မှတ်များကိုသာမက အရပ်သားပြည်သူများကိုပါ ပစ်မှတ်ထား တိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုများကိုလည်း ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိသည်” လို့ MDY-PDF စစ်ဦးစီးအဖွဲ က ဆိုပါတယ်။
မတ္တရာနယ်ထဲက PDF တွေကို စစ်အုပ်စုနဲ့ ပျူစောထီးတွေ ပူးပေါင်းကာ ထိုးစစ်ဆင် တိုက်ခိုက်နေပြီး အောက်တိုဘာလ ၁၂ရက် မနေ့က မတ္တရာမြို့နယ် မြောက်ခြမ်း ရေချောင်းပို့ရွာကို MI-35 တိုက်ခိုက်ရေး ရဟတ်ယာဉ် နှစ်စီးနဲ့ ဗုံးကြဲ ပစ်ခတ်ခဲ့တယ်လို့ မန္တလေးနန်းတွင်း အခြေပြု အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် – လပခ လက်အောက်ခံ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။
အောက်တိုဘာလ ၁၁ရက်ကလည်း မတ္တရာမြို့နယ် အနောက်ခြမ်း၊ ဝေါစုကျေးရွာ ဘုန်းကြီးကျောင်းထဲက စစ်ဘေးရှောင် စခန်းကို စစ်အုပ်စုက လေကြောင်း ဗုံးကြဲ သတ်ဖြတ်ရာ ရဟန်းသံဃာတွေ အပါအဝင် ပြည်သူ ၁၂ ဦး သေဆုံးပြီး ဒဏ်ရာရသူ အများအပြား ရှိခဲ့ပါတယ်။
မတ္တရာနယ်ထဲ ပြန်လည် ထိုးစစ်ဆင်လာတဲ့ စစ်အုပ်စုကို တိုက်ခိုက်ရာက သိမ်းဆည်း ရရှိတဲ့ အလောင်း၊ လက်နက်တွေနဲ့ စစ်အုပ်စုက လေကြောင်းဗုံးကြဲလို့ သေဆုံးသူတွေ/Photo – MDY-PDF
မတ္တရာတွင် မန္တလေး PDF သိမ်းပိုက်ထားသော တပ်စခန်းများကို စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်၍ တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေပြီး စစ်သား အလောင်းများနှင့် လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိ
ရန်ကုန်၊ အောက်တိုဘာ ၁၃
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် မန္တလေး PDF သိမ်းပိုက်ထားသော တပ်စခန်းများကို အကြမ်းဖက် စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်၍ တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေပြီး စစ်သား အလောင်းများနှင့် လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း မန္တလေး PDF က ပြောဆိုသည်။
မတ္တရာမြိုနယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ သိမ်းယူထားသော တပ်စခန်းများကို ပြန်လည်ရရှိရန် အကြမ်းဖက် စစ်တပ်က ကြိုးစားလျက်ရှိပြီး တိုက်ပွဲများနေ့စဉ် ဖြစ်ပွားလျက်ရှိကြောင်း၊ အကြမ်းဖက် စစ်တပ်သည် လက်နက်ကြီး နှင့် လေကြောင်းတိုက်ခိုက်မှုများသာမက မြေပြင်စစ်ကြောင်းများကိုပါ အသုံးပြု၍ တန်ပြန်ထိုးစစ်ဆင်လျက်ရှိသော်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) မှ သိမ်းယူထားသော တပ်စခန်းများကို အပြည့်အဝထိန်းချုပ်ထားဆဲ ဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲများတွင် လက်နက်ခဲယမ်းများနှင့် စစ်သား အလောင်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီသည် မတ္တရာမြိုနယ် တိုက်ပွဲများအတွင်း စစ်ရေးပစ်မှတ်များကိုသာမက အရပ်သားပြည်သူများကိုပါ ပစ်မှတ်ထား တိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုများကိုလည်းပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိကြောင်း မန္တလေး PDF က ပြောဆိုသည်။