မြန်မာစစ်ခေါင်းဆောင်များအတွက် ထိုက်တန်သော နေရာမှာ တရားရုံးများနှင့် ခုံရုံးများရှေ့မှောက် အပြစ်သားများအဖြစ်သာရှိသင့်ဟု ကုလသမဂ္ဂအစည်းအဝေးတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောဆို

by

in

မြန်မာစစ်ခေါင်းဆောင်များအတွက် ထိုက်တန်သော နေရာမှာ တရားရုံးများနှင့် ခုံရုံးများရှေ့မှောက် အပြစ်သားများအဖြစ်သာရှိသင့်ဟု ကုလသမဂ္ဂအစည်းအဝေးတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောဆို

ရန်ကုန်၊ အောက်တိုဘာ ၁၃

မြန်မာနိုင်ငံတွင် စစ်ရာဇဝတ်မှုနှင့်လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုများ ကျူးလွန်နေသော မြန်မာစစ်ခေါင်းဆောင်များအတွက် ထိုက် တန်သော နေရာမှာ တရားရုံးများနှင့် ခုံရုံးများရှေ့မှောက် အပြစ်သားများ အဖြစ်သာရှိသင့်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုလိုက်သည်။

အောက်တိုဘာလ ၉ ရက်နေ့နှင့် အောက်တိုဘာလ ၁၀ ရက်နေ့ အမေရိကန်နိုင်ငံ၊ နယူး ယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်ရုံး၌ ကျင်းပပြုလုပ်သည့် ၇၉ ကြိမ်မြောက်ကုလသမဂ္ဂ အထွေထွေ ညီလာခံ၊ ဆဋ္ဌမကော်မတီ၏ “လူသား မျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ် မှုများ (Crimes Against Humanity)” အထွေထွေ ဆွေးနွေးမှုအစီအစဉ်တွင် ကုလ သမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ် စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

လူမျိုးတုံးသတ်ဖြတ်မှု၊ လူမျိုးစုတစ်စုအား စနစ်တကျဖယ်ရှားမှု၊ စစ်ရာဇဝတ်မှုများနှင့် လူသား မျိုး နွယ် အပေါ် ကျူးလွန်သောရာဇဝတ်မှုများအား ကျူးလွန်သူများအနေဖြင့် နိုင်ငံရေးအာဏာကို ရယူ ရန် ကြိုးပမ်းခြင်းဖြင့် တရားဝင်မှုမရရှိထိုက်ကြောင်း၊ ၎င်းတို့နှင့် ထိုက်တန်သောနေရာများမှာ လွှတ် တော်များ၊ သမ္မတအိမ်တော်များမဟုတ်ဘဲ နိုင်ငံတကာ ရာဇဝတ်တရားရုံးများ သို့မဟုတ် ခုံရုံးများသာ ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် အဆိုပါ တရားရုံးများနှင့် ခုံရုံးများ၏ ရှေ့မှောက်၌ အပြစ်သားများ အဖြစ်သာရှိသင့်ကြောင်း၊ အဆိုပါ ရာဇဝတ်သားများအား မသမာသော ရွေးကောက်ပွဲများမှတဆင့် ခေါင်းဆောင်များအဖြစ် လှည့်ဖြား ခွင့်ပြုခြင်းသည် လူသားဆန်မှု၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၏ အခြေခံ အုတ်မြစ်များ ကို ပျက်ရယ်ပြုခြင်းပင် ဖြစ်ပါကြောင်း သံအမတ်ကြီးက ဆိုသည်။

မြန်မာပြည်သူများက အာဏာသိမ်းအကြမ်းဖက်စစ်တပ်က စီစဉ်နေသည့် အတု အယောင် ရွေးကောက်ပွဲကို ပြင်းထန်စွာပယ်ချပါကြောင်း၊ မြန်မာပြည်သူများအပေါ် အကြမ်းဖက် စစ်တပ်က ကျူးလွန်နေသောရက်စက်ကြမ်းကြုတ်မှုများ အဆက်မပြတ် ဖြစ်ပေါ် နေသည့် အခြေ အနေတွင် ဤကဲ့သို့သော အတုအယောင် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတပြီး အားလုံး ပါဝင် နိုင်သော ရွေးကောက်ပွဲ မည်သည့်အခါမျှ မဖြစ်နိုင်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲ တမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။

မြန်မာပြည်တွင်း၌ ဖြစ်ပွားနေသော ရက်စက်ကြမ်းကြုတ်မှုများနှင့် ပတ်သက်သည့် သက်သေ အ ထောက် အထား မြောက်များ စွာကို စုဆောင်းထားပြီး စစ်ဆေးရေးစခန်းများ၊ အကျဉ်းထောင်များ တွင် ကျူးလွန်မှုများ အပါအဝင် အကြမ်းဖက် စစ်တပ်က ကျူးလွန်လျက်ရှိသော ရက်စက်ကြမ်း ကြုတ်မှုများသည် စစ်ရာဇဝတ်မှုများ နှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သောရာဇဝတ်မှု မြောက် ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေးယန္တရား (IIMM) ထုတ်ဖော်ပြောဆို ထားသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တရားမဝင်စစ်အာဏာသိမ်းရန် ကြိုးပမ်းခဲ့ချိန်မှစ၍ အာဏာသိမ်း စစ်အုပ်စု၏ ရက်စက်စွာ သတ်ဖြတ်မှုကြောင့် လူပေါင်း ၅,၇၀၀ ကျော် သေဆုံးခဲ့ရပြီး နိုင်ငံ့လူဦးရေ၏ ၃.၄ သန်းကျော်မှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရပါကြောင်း၊ လူဦးရေ ၁၈.၆ သန်း ကျော်မှာ လူသား ချင်း စာနာ ထောက်ထားမှု အကူအညီများ အရေးတကြီး လိုအပ်နေပြီး ၎င်းတို့ အနက်အများစုမှာ အ မျိုး သမီးများနှင့် မိန်းကလေးငယ်များဖြစ်ကြောင်း၊ ကလေးသူငယ် ၆ သန်းကျော် နေ ရပ်စွန့်ခွာထွက် ပြေးနေရပြီး ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပုံမှန် ပညာရေးကို မရရှိဘဲ အချို့သော ကလေးငယ် များသည် ယာယီတဲများနှင့် ဗုံးခိုကျင်းများတွင် ပညာသင်ကြားနေကြရကြောင်း သိရသည်။

အာဏာသိမ်းစစ်အုပ်စုက နိုင်ငံတစ်ဝှမ်းလုံးတွင် ရက်စက်ကြမ်းကြုတ်မှုများကို ဆက်လက် ကျူး လွန် နေပြီး၊ အကြမ်းဖက်လှုပ်ရှားမှုများကို ပိုမိုပြင်းထန်စွာဆောင်ရွက်နေသည့်ပြင် နေ့စဉ်နှင့်အမျှ စာ သင်ကျောင်းများ၊ ဆေးရုံများ၊ ဈေးများနှင့် ပြည်တွင်းနေရပ် စွန့်ခွာထွက်ပြေးသူများ၏ ခိုလှုံရာ စခန်း များ ၊အရပ်သားပြည်သူပစ်မှတ်များကို သေကြေပျက်စီး စေရန် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ် လျက်ရှိကြောင်း သံအမတ်ကြီးက ရှင်းပြသည်။

ပြီးခဲ့သည့် စက်တင်ဘာလ တစ်လတည်းမှာပင် အဆိုပါ တိုက်ခိုက်မှုများကြောင့် နိုင်ငံတစ်ဝှမ်း လုံး တွင် ကလေးငယ် ၁၂ ဦး အပါအဝင် လူပေါင်း ၁၁၇ ဦး သေဆုံးခဲ့ရပြီး အထူးသဖြင့် စက်တင်ဘာလ ၆ ရက်နေ့တွင် ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် မကွေးတိုင်း ဒေသကြီးတို့၌ အာဏာသိမ်းစစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်လုပ်ဆောင်ခဲ့ရာ အနည်းဆုံး ကလေးငယ် ၁၀ ဦး အပါအဝင် အရပ် သားပြည်သူ ၂၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

စစ်တပ်၏ရက်စက်ကြမ်းကြုတ်သော သံသရာကို ဆက်လက်ရင်ဆိုင်နေရသည့် အားလျော်စွာ လူ သားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ ဝတ်မှုများအား ဥပဒေကို ဆိုးရွားစွာ ချိုးဖောက်မှု အဖြစ် သာမက လူသားဖြစ်တည်မှု၏ အနှစ်သာရကို ပျက်ယွင်းစေသည်ဟု လည်း ရှုမြင်ပါကြောင်း၊ လူ သားမျိုးနွယ်အပေါ် ကျူးလွန်သောရာဇဝတ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် ပျက်ကွက်သည့်အခါတွင် ထိခိုက်နစ်နာသူများအပေါ်၌သာ ပျက်ကွက်ခြင်းမဟုတ်ဘဲ ကိုယ်ပိုင်လူသားဆန်မှုကိုပါ ပျက်စီးစေခြင်းမည်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ် စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော စကားလုံးများဖြင့် ဖော်ပြ၍ မရအောင် ရင်နင့်ဖွယ် အဖြစ် အပျက် များ အပါအဝင် ကမ္ဘာတစ်ဝှမ်းဖြစ်ပွားနေသော ကြောက်မက်ဖွယ်ရာ အဖြစ်အပျက်များကို ကြည့်ခြင်း အားဖြင့် ခိုင်မာသော နိုင်ငံတကာဥပဒေမူဘောင်မှတဆင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအား ကိုင်တွယ်ဖြေရှင်းခြင်းကို ယခင်ကထက်ပို၍ အရေးတကြီး လိုအပ်လျက်ရှိပြီး ဆိုးရွားသော ရာဇဝတ်မှုများကို တားဆီးရန်၊ တရားစွဲဆိုရန်နှင့် အပြစ်ပေးအရေးယူရန်အတွက် ထိ ရောက်သောအရေးယူဆောင်ရွက်မှု အလျင် အမြန် လိုအပ်နေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထောက်ပြပြောဆိုသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် အခြေအနေများသည် နိုင်ငံတကာ အသိုက်အဝန်းမှ လိုအပ်သည့် အရေးယူဆောင်ရွက်ချက်များ ပြုလုပ်ရန် ပျက်ကွက်နေခြင်း၏ နောက်ဆက်တွဲ အကျိုးဆက် များကို ထင်ရှားစွာ မီးမောင်းထိုးပြ နေပြီး အကြမ်းဖက်စစ်တပ်က ကျူးလွန်လျက်ရှိသော ကြီးလေးသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများသည် ကြောက်မက်ဖွယ်ရာ အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်ကို သက်သေ အထောက် အထားများဖြင့် တွေ့မြင်နိုင်ပါကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။

ထို့ကြောင့် နစ်နာသူများအတွက်တရားမျှတမှု ဖော်ဆောင်ပေးရေးက အရေးကြီးသလို ပြစ်မှုကျူးလွန် သူများအား တာဝန်ခံမှုရှိစေရန် ဆောင်ရွက်ခြင်းသည်လည်း အရေးကြီးကြောင်း၊ သို့ဖြစ်ရာ တရား မျှတမှုကို မည်သည့် အကြောင်းပြချက်ဖြင့်မဆို လျစ်လျူရှုရန် ကြိုးပမ်းမှုများကို လက်သင့်ခံမည် မဟုတ်ဘဲ မြန်မာပြည်သူများ၏ အသွင်ကူးပြောင်းရေး ကာလ တရားမျှတမှုနှင့် ဖက်ဒရယ်ဒီမိုကရေစီ အပေါ်ထားရှိသည့် ကတိကဝတ်များသည် ပြောင်းလဲသွားမည် မဟုတ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အသိပေးထားသည်။

နိုင်ငံတကာအသိုက်အဝန်းနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတို့အနေဖြင့် မြန်မာပြည်သူများအား ကာကွယ်ပေးရန်အတွက် ထိရောက်သောလုပ်ဆောင်ချက်များကို လုပ်ဆောင်ရန်ကြိမ်ဖန် များစွာ ပျက်ကွက်ခဲ့ပြီးဖြစ်ပြီး လုံခြုံရေးကောင်စီ၏ ပျက်ကွက်မှုသည် စစ်တပ်မှ ကျူးလွန် လျက်ရှိသော ရက်စက်ကြမ်းကြုတ်မှုများကို ရင်ဆိုင်ကြုံတွေ့နေရသည့် မြန်မာပြည်သူများအား မျက်ကွက် ပြုရာ ရောက်သကဲ့သို့ ကျူးလွန်သူများအား ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးမူများကို ဆက်လက်ချိုး ဖောက် ခွင့်ပြုထားသကဲ့သို့ ဖြစ်နေသောကြောင့် လုံခြုံရေးကောင်စီအနေဖြင့် ၎င်း၏ ပျက်ကွက်မှုကို အလေးအနက်ထားကာ ပြန်လည်သုံးသပ်သင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဦးဆောင်၍ ၎င်းတွင်ရှိသည့် ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးကို အသုံးပြုကာ မြန်မာနိုင်ငံရှိ အာဏာသိမ်းစစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများကို အဆုံးသတ်နိုင်ရန် လုပ် ဆောင်ရမည်ဖြစ်ပြီး နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အကြမ်းဖက်စစ်တပ်၏ နိုင်ငံတကာ ရာဇ ဝတ်မှုများကို ချုပ်ငြိမ်းရန် အရှိန်အဟုန်မြှင့်တင်၍ ထိရောက်သော အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ရန် ထပ်လောင်း တောင်းဆိုထားသည်။

ယခုအချိန်သည် ဆုံးဖြတ်ချက်ချမှတ်ရမည့် အချိန်ဖြစ်ကြောင်းနှင့် မြန်မာပြည်သူများနှင့်အတူ ရပ် တည်ပေးရန် လိုအပ်ပြီး စစ်မှန်သော တည်ငြိမ်မှုကို လျစ်လျူရှုခြင်းဖြင့် တည်ဆောက်နိုင်မည် မဟုတ် ဘဲ တရားမျှတမှု အပေါ်တွင်သာ တည်ဆောက်နိုင်ကြောင်း၊ ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် ပြစ်ဒဏ် ကင်းလွတ်ခွင့်ရနေသည့် အစဉ်အလာနှင့် ပြစ်ဒဏ်ကင်းလွတ်ခွင့် စက်ဝန်း အဆုံး သတ်မှ သာ အကြမ်းဖက်မှုသံသရာ ရပ်တန့်မည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။