ရေနံ့သာစစ်ဆေးရေးဂိတ်မှ စက်သုံးဆီ၊ စားနပ်ရိက္ခာ၊ ဆေးဝါး အပါအဝင် ကုန်ပစ္စည်းများ ရခိုင်သို့ လာဘ်ငွေသိန်းထောင်ပေါင်း များစွာ ရယူ ခွင့်ပြုခဲ့မှုဖြင့် ဗိုလ်မှူးကြီး မျိုးညွန့်ဦး၊ ဗိုလ်မှူးကြီးအောင်ဆန်းလွင် အပါအဝင် အရာရှိ ၆ ဦးကို စစ်ခုံရုံးက စွဲချက်တင်

by

in

ရေနံ့သာစစ်ဆေးရေးဂိတ်မှ စက်သုံးဆီ၊ စားနပ်ရိက္ခာ၊ ဆေးဝါး အပါအဝင် ကုန်ပစ္စည်းများ ရခိုင်သို့ လာဘ်ငွေသိန်းထောင်ပေါင်း များစွာ ရယူ ခွင့်ပြုခဲ့မှုဖြင့် ဗိုလ်မှူးကြီး မျိုးညွန့်ဦး၊ ဗိုလ်မှူးကြီးအောင်ဆန်းလွင် အပါအဝင် အရာရှိ ၆ ဦးကို စစ်ခုံရုံးက စွဲချက်တင်
ရန်ကုန်၊ အောက်တိုဘာ ၁၃

ဧရာ၀တီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ပုသိမ်-မုံရွာလမ်းမကြီးနှင့် ဂွ-ငါးသိုင်းချောင်းလမ်းဆုံရှိ ရေနံ့သာစစ်ဆေးရေးဂိတ်မှ စက်သုံးဆီ၊ စားနပ်ရိက္ခာ၊ ဆေးဝါး အပါအဝင် ကုန်ပစ္စည်းများ ရခိုင်သို့ လာဘ်ငွေသိန်းထောင် ပေါင်း များစွာ ရယူ ခွင့်ပြုခဲ့မှုဖြင့် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး မျိုးညွန့်ဦး၊ ဗိုလ်မှူးကြီးအောင်ဆန်းလွင် အပါအဝင် အရာရှိ ၆ ဦးထက်မနည်းကို စစ်ခုံရုံးက စွဲချက်တင်ထားကြောင်း စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
စက်တင်ဘာလဆန်းပိုင်းတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ ဦးစီး ဗိုလ်မှူးကြီး မျိုးညွန့်ဦး (စစ်/ထောက်)၊ စစ်ဦးစီးဗိုလ်မှူး ကြီးအောင်ဆန်းလွင်၊ ဒုတိယဗိုလ်မှူးကြီး ကျော်စွာထွန်း၊ ဗိုလ်မှူး စိုးရန်နိုင် အပါအဝင် အရာရှိအများအပြားကို စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း၊ အဓိက အားဖြင့် ရေနံ့သာစစ်ဆေးရေးဂိတ်မှ စက်သုံးဆီ၊ စားနပ်ရိက္ခာ၊ ဆေးဝါး အပါအဝင် ကုန်ပစ္စည်းများ ရခိုင်သို့ လာဘ်ငွေ သိန်းထောင်ပေါင်းများစွာ ရယူ ခွင့်ပြုခဲ့မှုဖြင့် ဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ စစ်ဆေးချက်များအရ လာဘ်ပေးလာဘ်ယူမှု ထင်ရှားသဖြင့် စစ်ခုံရုံးက စွဲချက်တင်ထားကြောင်း သိရှိရသည်။
“စက်တင်ဘာလဆန်းပိုင်းမှာ အရာရှိတွေကို ဖမ်းတာက အခုတော့ အမှုက စိစစ်ပေါ်ပေါက်တယ်။ စက်သုံးဆီ၊ ဆေးဝါး၊ စားနပ်ရိက္ခာတွေကို သယ်ခွင့်ပေးတာ။ အခုနောက်ဆုံးတော့ လက်နက်တွေပါ သယ်ခွင့်ပေးခဲ့တယ်လို့ သိရပေမယ့် အဲဒါကတော့ သက်သေ မပြနိုင်ဘူးလို့ သိရတယ်။ ငွေကတော့ သိန်းကို ထောင်ပေါင်းများစွာပဲ။ ခွဲဝေယူကြတာ။ ဧရာ၀တီ-ရခိုင် အစပ် ရေနံ့သာဂိတ်ကနေ ခွင့်ပြုတာ။ နောက်ဆက်တွဲ ရာထူးပြုတ်တာတွေလည်းများတယ်” ဟု စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
ထို့ပြင် ဖမ်းဆီးခံထားရသော စစ်အရာရှိကြီးများ၏ ပိုင်ဆိုင်မှုများအားလုံးကိုလည်း စစ်ကောင်စီက ချိတ်ပိတ်သိမ်းဆည်းလိုက်ကြောင်း၊ သက်ဆိုင်ရာ မိသားစုများလည်း တပ်တွင်းနေရာများမှ ဖယ်ရှားခိုင်းနေကြောင်း သိရှိရသည်။
ဓာတ်ပုံ- ဖမ်းဆီးခံထားရသော ဗိုလ်မှူးကြီး မျိုးညွန့်ဦး။