တပ်တွင်း PreCDM(ဖရဲသီး)များ ကို ဆက်လက်ဖိတ်ခေါ်နေကြောင်း နှင့် အသက်အန္တရာယ်စိုးရိမ်ရသူများကို ရွှေ့ပြောင်းစောင့်ရှောက်ပေးနေ

by

in

တပ်တွင်း PreCDM(ဖရဲသီး)များ ကို ဆက်လက်ဖိတ်ခေါ်နေကြောင်း နှင့် အသက်အန္တရာယ်စိုးရိမ်ရသူများကို ရွှေ့ပြောင်းစောင့်ရှောက်ပေးနေ
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၁ ရက်

စစ်တပ်အတွင်း အခြေအနေအမျိုးမျိုးကြောင့် CDM လုပ်နိုင်ခြင်းမရှိသူများကို PreCDM(ဖရဲသီး)များ အဖြစ် ကြိုတင်စာရင်းပေးထားနိုင်ကြောင်း နှင့် အသက်အန္တရာယ် စိုးရိမ်ရသူများကိုလည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကာ စောင့်ရှောက်မှုများ ပေးနေကြောင်း ယနေ့ အောက်တိုဘာ ၁၁ ရက်နေ့တွင် ပြည်သူ့ရင်ခွင်က ထုတ်ပြန်ခဲ့သည်။
အမာခံသတင်းပေးပို့သူ ဖရဲသီး(PreCDM)များအဖြစ် တာဝန်ထမ်းဆာင်နေကြသည့် စစ်တပ်၊ ရဲနှင့် ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများသည် လုံခြုံရေးအရ စိုးရိမ်ရသည့် ပြည်တွင်းတွင်
နေ၍ ရာထူးတာဝန်အရ သိလာရသည့် တပ်တွင်းသတင်းများ ပေးပို့မှုကြောင့် တော်လှန်ရေးတွင် အထောက်အကူများစွာဖြစ်ခဲ့ရပြီး တိုက်ပွဲများအတွက်လည်း အထောက်အကူများစွာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
PreCDM ပြုလုပ်ထားသူများမှ စစ်ရေးပြင်းထန်သည့်ဒေသများသို့ ရှေ့တန်းစေလွှတ်ခံရပါက ပြည်သူ့ရင်ခွင်နှင့်တော်လှန်ရေးအင်အားစုတို့မှ ပူးပေါင်းကာ ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးမှုများ ပြုလုပ်ပေးကြောင်းလည်း သိရသည်။
“ထုတ်ပြန်ရတဲ့ရည်ရွယ်ချက်က ဒီဖရဲသီးတွေကို တော်လှန်ရေးအစိုးရအနေနဲ့ အကောင်းဆုံး အသိအမှတ်ပြု စောင့်ရှောက်ပေးနေတယ်ဆိုတာရယ်၊ တစ်သားတည်းရှိကြောင်း အားပေးချင်တာပေါ့။ အချို့ ဖရဲသီးတွေထဲမှာ သေမယ့်လမ်းမှန်းသိသိနဲ့ကို သူပါလာလဲ မိုင်းဆွဲလိုက်ပါ ပစ်လိုက်ပါဆိုတဲ့အထိ အနစ်နာခံစိတ်ဓာတ်ကောင်းမွန်သူတွေလဲရှိတယ်။ ကျွန်တော်တို့က သူတို့ကို ကျွန်တော်တို့ရဲ့ ရဲဘော်ရဲဘက်အနေနဲ့ပဲသတ်မှတ်တယ်။ တစ်ဦးတစ်ယောက်ကိုမှ အဆုံးရှုံးမခံလိုပါဘူး။ ဒါတွေကို ကျန်တဲ့ ထွက်ပေါက်ပျောက်နေသူတွေကိုလဲ သိစေချင်တာကြောင့်ပါ” ဟု ပြည်သူ့ရင်ခွင်အဖွဲ့အစည်း တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် ရှေ့တန်းစစ်မျက်နှာပြင်များသို့ စေလွှတ်ခံလိုက်ရပြီး အချိန်မှီ ရွေ့ပြောင်းပေးနိုင်ခြင်းမရှိသည့် PreCDM များကိုလည်း ရှေ့တန်းမှခေါ်ထုတ်ပေးခြင်းဖြစ်‌စေ တိုက်ပွဲအတွင်း စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရချိန်တွင်ဖြစ်စေ ကိုယ်ရေးအချက်အလက်များ မပေါက်ကြားစေပဲ ကူညီကယ်ထုတ်ပေးခြင်းများ ပြုလုပ်ကာ ကူညီစောင့်ရှောက်မှုများ ပြုလုပ်နေကြောင်း သိရသည်။
အထူးသဖြင့် တိုက်ပွဲများပြင်းထန်သည့်ဒေသများ ဥပမာ-ရခိုင်၊ ရှမ်းမြောက်၊ ကချင် စသည့်ဒေသများသို့‌ ရှေ့တန်း စေလွှတ်ခံရပါက အချိန်မဆိုင်းကယ်ထုတ်ခြင်းကဲ့သို့ ကူညီမှုများပြုလုပ်ပေးကြောင်းလည်း ပြည်သူ့ရင်ခွင် တာဝန်ရှိသူထံက သိရသည်။
အမာခံသတင်းပေးသူများ ဖရဲသီး(PreCDM) ပြုလုပ်ခြင်းဖြင့် စစ်ကောင်စီတပ် လက်အောက်ခံ တပ် နှင် ရဲ ဌာန ဝန်ထမ်းများအတွက် ပြည်သူနှင့်တစ်သားတည်း ရှိကြောင်း စိတ်ရင်းကိုပြသနိုင်မည့်အပြင် စစ်တပ် ကျရှုံးချိန်တွင် ပြစ်ဒဏ်များလျော့ပေါ့ကင်းလွတ်ခွင့်ရမည့် တစ်ခုတည်းသောအခွင့်အရေးဖြစ်ကြောင်းကိုလည်း ပြည်သူ့ရင်ခွင်က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ရက်သတ္တပါတ်အတွင်းကလည်း အသက်အန္တရာယ် အခြေအနေအထိကြုံတွေ့လာရသည့် PreCDM သုံးဦးကို ပြည်သူ့ရင်ခွင်အနေဖြင့် လုံခြုံစွာ ကယ်ထုတ်ထားနိုင်ပြီး စစ်ကောင်စီအာဏာသိမ်းချိန်မှစ၍ သုံးနှစ်ကျော်ကြာ ကာလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရဲနှင့် စစ်သား စီဒီအမ်ပြုလုပ်သူပေါင်း ၁၄၀၀၀ ကျော်ရှိပြီဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါ PreCDM(ဖရဲသီး) ပြုလုပ်ရန် စာရင်းပေးသွင်းလိုပါကလည်း ပြည်သူ့ရင်ခွင် – People’s Embrace လူမှုကွန်ယက်စာမျက်နှာမှတဆင့် ဝင်ရောက်လေ့လာကာ ဆက်သွယ်
မေးမြန်းနိုင်ကြောင်းလည်း သိရသည်။
ဓာတ်ပုံ – ပြည်သူ့ရင်ခွင် – People’s Embrace
#PreCDM #စစ်တပ် #ရဲ #ပြည်သူ့ရင်ခွင် #ဖိတ်ခေါ် #ဖရဲသီး #တပ်တွင်းသတင်းပေး #Ayeyarwaddy_Times