စက်သုံးဆီဆိုင်များတွင် စမတ်ကတ်နှင့်ပတ်သက်သော စက်နှင့် နည်းပညာ Software များ မဝယ်မနေရ ရောင်းချ၊ စမတ်ကတ်ဖြင့် စက်သုံးဆီ ဝယ်ယူရမည့်စနစ် စတင်ပြီးလျှင် ဆီတင်သွင်းမှုများကို စစ်ကောင်စီက အကြီးအကျယ် လျှော့ချမည်

by

in

စက်သုံးဆီဆိုင်များတွင် စမတ်ကတ်နှင့်ပတ်သက်သော စက်နှင့် နည်းပညာ Software များ မဝယ်မနေရ ရောင်းချ၊ စမတ်ကတ်ဖြင့် စက်သုံးဆီ ဝယ်ယူရမည့်စနစ် စတင်ပြီးလျှင် ဆီတင်သွင်းမှုများကို စစ်ကောင်စီက အကြီးအကျယ် လျှော့ချမည်
ရန်ကုန်၊ အောက်တိုဘာ ၁၂

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်းက စက်သုံးဆီများကို စမတ်ကတ်ဖြင့် ကန့်သတ်ရောင်းချရန် ဆီဆိုင်များတွင် စမတ်ကတ်နှင့်ပတ်သက်သော စက်နှင့် နည်းပညာ Software များ မဝယ်မနေရ ရောင်းချနေကြောင်း စုံစမ်းသိရှိရသည်။
လာမည့်လအနည်းငယ်အတွင်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့တွင် စမတ်ကတ်များဖြင့် စက်သုံးဆီများ ရောင်းချရန် စစ်ကောင်စီနှင့် စက်သုံးဆီအသင်းတို့က ပူးပေါင်းဆောင်ရွက်နေကြောင်း၊ အဆိုပါ စမတ်ကတ်များကို ဆီဆိုင်များတွင် အသုံးပြုရန် စမတ်ကတ်ဖတ်စက်များ၊ နည်းပညာနှင့် Software များကိုလည်း မဝယ်မနေရ ရောင်းချ တပ်ဆင်ခိုင်းနေကြောင်း သိရှိရသည်။
“အရင်တစ်ခေါက်တုန်းကလည်း Real time PO နဲ့ Normal PO သိရအောင်ဆိုပြီး RT Software တွေ တပ်ခိုင်းတယ်။ သိန်းရာချီ ဆိုင်တွေက ပေးရတာ။ အခု တစ်ခါ စမတ်ကတ်နဲ့ ဆီရောင်းဖို့ စမတ်ကတ် ဖတ်စက်၊ နည်းပညာနဲ့ Software တွေ တပ်ရမယ်ပြောတယ်။ အရင်တစ်ခေါက်ကတော့ ဒေါက်တာဝင်းမြင့် မြတ်မေတ္တာမွန်က ရောင်းတာ။ အခုလည်း သူပါပဲ။ ဘိုးတော်ကတော့ ထောပြီးရင်ထောပေါ့” ဟု စက်သုံးဆီအသင်း သတင်းရင်းမြစ်က ပြောဆိုသည်။
စက်သုံးဆီများကို စမတ်ကတ်ဖြင့် ရောင်းချမှု စတင်ပါက အမှန်တကယ် မော်တော်ယာဉ်များက အသုံးပြုနေသည့် နေ့စဉ် ဆီပမာဏကို သိရှိမည်ဖြစ်ပြီး တစ်နေ့လျှင် တစ်ကြိမ်သာ ဆီဝယ်ယူနိုင်မည်ဖြစ်ကြောင်း၊ လအနည်းငယ်အတွင်း မော်တော်ယာဉ်အရေအတွက်၏ တစ်နေ့တစ်ကြိမ်သာ ရောင်းချမည့် စက်သုံးဆီပမာဏကို အတိအကျသိရှိကာ စက်သုံးဆီတင်သွင်းမှုကို လိုအပ်သည့်ပမာဏအတိုင်းသာ တင်သွင်းမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စက်သုံးဆီတင်သွင်းမှု ပမာဏ လျှော့ကျသွားမည်ဖြစ်ကြောင်း သိရှိရသည်။
“စမတ်ကတ်နဲ့ တစ်နေ့တစ်ကြိမ် ကားတွေကို ဆီအပြည့်ရောင်းပေးပြီးတဲ့အခါမှာ လိုအပ်တဲ့ စက်သုံးဆီလိုအပ်ချက် ဘယ်လောက်ဆိုတာ အတိအကျ ထွက်လာမယ်။ အဲဒီကျရင်တော့ ဆီလိုအပ်တဲ့ပမာဏကိုလည်း အတိအကျသိတော့ ကားတွေလည်း ဆီမပြတ်၊ နိုင်ငံတော်လည်း ဒေါ်လာတွေ မကုန်သင့်တဲ့နေရာမှာ မကုန်အောင် လျှော့ချနိုင်မယ်” ဟု နေပြည်တော်၊ စွမ်းအင်ဝန်ကြီးဌာန သတင်းရင်းမြစ်က ဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက လက်ရှိတွင် နိုင်ငံခြားငွေ အသုံးပြုမှု လျှော့ချရေးနှင့် မကုန်ခမ်းရေး အတွက် သွင်းကုန်တင်သွင်းမှုများကို ပို့ကုန်ရငွေဖြင့်သာ တင်သွင်းခွင့်ပြုထားပြီး ပို့ကုန်ရငွေမရှိဘဲ သွင်းကုန်တင်သွင်းခွင့်မပြုသည့်စနစ်ကို အသုံးပြုနေကြောင်း၊ စက်သုံးဆီကိုလည်း ပို့ကုန်ရငွေဖြင့်သာ တင်သွင်းခွင့်ပြုသည့်စနစ်ပြောင်းလဲရန် ရှိပြီး လက်ရှိ အပြောင်းအလဲ မလုပ်မီ ကြားကာလအတွက် စစ်ကောင်စီ၏ ဗဟိုဘဏ်က စက်သုံးဆီသမားများအတွက် ဒေါ်လာများ အကန့်အသတ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။