ဆိုင်းတောင်တိုက်ပွဲတွင် ဖမ်းဆီးရမိသောစစ်သားများရုပ်သံထွက်ပေါ်လာ
ထားမြတ်/People’s Spring
ကချင်ပြည်နယ် ဖားကန့်မြို့နယ်ဆိုင်းတောင်ရွာ ၊Lucky Men ဟိုတယ်တိုက်ပွဲအတွင်းကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(KPDF) ပူးပေါင်းတပ်များကစစ်ကောင်စီ တပ်ဖွဲ့ဝင်များကိုဖမ်းဆီးရမိခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖမ်းမိခဲ့သည့်ရုပ်သံအောက်တိုဘာ ၁၂ ရက်မနက်အစောပိုင်း၌ထွက်ပေါ်လာသည်။
ဆိုင်းတောင်ရှိစစ်ကောင်စီတပ်များကို KIA ပူးပေါင်းတပ်ကစက်တင်ဘာ ၇ ရက်တွင်စတင်ထိုးစစ်ဆင်ခဲ့ရာတစ်လခန့်အကြာအောက်တိုဘာ ၈ရက်တွင် ဆိုင်းတောင်၌တပ်စွဲထားသည့် စစ်ကောင်စီတပ်များကိုရှင်းလင်းနိုင်ခဲ့ခြင်းဖြစ်
သည်။ စက်တင်ဘာ၁၂ရက်တွင် ဆိုင်းတောင်ရဲစခန်းသိမ်းပိုက်ပြီးနောက် ဆိုင်းတောင် လက်ကီးမန်းဟိုတယ်၌တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့များကို KIA က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်ကီးမန်းဟိုတယ်ရှင်းလင်းမှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့်ဖမ်းမိခဲ့သည်ဟုစစ်ရေးသတင်းရင်းမြစ်က ပြောပြထားသည်။
ရုပ်သံမှတ်တမ်းတွင် စစ်သား ၁၅ ဦးခန့်ကို ဖမ်းဆီး၍ လက်နောက်ပြန်ကြိုးတုပ်ကာ မြေပေါ်တွင် အတန်းမှောက်ခိုင်းထားသည်ကိုတွေ့ရသည်။
“ဒီကောင်တွေပဲ။ဆိုင်းတောင်ရွာမီးရှို့တဲ့အဖွဲ့တွေ။သက်ပိုင်ထွန်းအဖွဲ့တွေ။တပ်မ၃၃လက်အောက်ခံ ၁၁၉၊၁၁၆ ဟုတ်လား။” ဟု အောက်တိုဘာ၁၂ ရက် မနက်တွင်ထွက်ပေါ်လာသည့် စစ်သားများအား ဖမ်းဆီးထားသည့် ရုပ်သံတွင် KIA ပူးပေါင်းတပ်တွင် ပါဝင်သူတစ်ဦးကပြောကြားနေသည်ကို ကြားရသည်။
ဆိုင်းတောင် လက်ကီးမန်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အရှင်ဖမ်းမိသကဲ့သို့ သေဆုံးသူများ
၊ထွက်ပြေးလွတ်မြောက်သွားသူများလည်း ရှိသည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ထွက်ပြေးလွတ်မြောက်သွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲမှ ခမရ(၁၁၉) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးသက်ပိုင်ထွန်းကိုအောက်တိုဘာ
၉ရက် ညပိုင်းတွင်ဆန်းကြွယ်ဥရုချောင်းတိုက်ပွဲ၌ အသေဖမ်းမိခဲ့သည်ဟု ရုပ်အလောင်းဓါတ်ပုံကိုပါပြသ၍ စစ်ရေးသတင်းရင်းမြစ်များက ပြော
သည်။ သို့သော် ဒုဗိုလ်မှူးကြီး သက်ပိုက်ထွန်းမှာ ထပ်မံထွက်ပြေးလွတ်မြောက်ခဲ့ပြီး အလောင်းမှာ အခြားစစ်သားတစ်ဦး၏ အလောင်းဖြစ်ကြောင်း စစ်ရေးရင်းမြစ်အချို့ကပြောသည်။
ဒုဗိုလ်မှူးကြီး သက်ပိုင်ထွန်းသည်ယခုနှစ်ဆန်းပိုင်းကတာမခန်စခန်းသိမ်းတိုက်ပွဲ၊ ကသိုဏ်းတောင်တိုက်ပွဲတို့တွင်လည်းသေဆုံးသည်ဟုသတင်းထွက်ခဲ့သေးပြီး ထွက်ပြေးလွတ်မြောက်ခဲ့ခြင်းဖြစ်သည်။အဆိုပါ ခမရ(၁၁၉)တပ်ရင်းမှူး သေဆုံးခြင်းရှိမရှိနှင့်ပတ်သက်ပြီး ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးဘဲရှုပ်ထွေးနေဆဲဖြစ်သည်ဟု ပြောသည်။
အခြား ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ” အဲဒီ သက်ပိုင်ထွန်းဆိုတဲ့ တစ်ယောက်က လက်ကီးမန်းဟိုတယ်မှာ သူတို့ ရှိနေတဲ့အချိန်မှာ ၈ရက်နေ့က ဟိုတယ်ကို KIA ပူးပေါင်းအဖွဲ့က သိမ်းလိုက်တယ်။သူက ၇ ရက်နေ့မနက် ၆နာရီခွဲလို့ပြောတယ် အဲဒီ လက်ကီးမန်းဟိုတယ်ကကားတစ်စီး ထွက်သွားတယ်တဲ့။ အဲဒီအထဲက ..နဲ့ သက်ပိုင်ထွန်းဆိုတဲ့ နှစ်ယောက်က အဲဒီအချိန်ကနေ လွတ်မြောက်သွားတယ်ပြောတယ်။ နောက်မနက်၅ နာရီခွဲမှာ KIA တွေကဝင်စီးလိုက်ပြီ။အဲဒါကြောင့် သူက လွတ်မြောက်နေဆဲပေါ့။ သူက အခု တပ်မ (၉၉) ဖားကန့်ဗျူဟာကုန်းမှာဆေးကုနေတယ်တဲ့” ဟု ပြောသည်။
ရုပ်သံ- T Awng T Awng