စစ်ကောင်စီ၏ ဖမ်းဆီးမှုခံရပြီးနောက် သတင်းပျောက်ဆုံးနေခဲ့သည့် စီးပွား/ကူးသန်း ဒုဝန်ကြီးဟောင်း ညွှန့်အောင် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံထားရ

by

in

စစ်ကောင်စီ၏ ဖမ်းဆီးမှုခံရပြီးနောက် သတင်းပျောက်ဆုံးနေခဲ့သည့် စီးပွား/ကူးသန်း ဒုဝန်ကြီးဟောင်း ညွှန့်အောင် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံထားရ

ရန်ကုန်၊ အောက်တိုဘာ ၁၂

အကြမ်းဖက်စစ်ကောင်စီ၏ ဖမ်းဆီးမှု ခံရပြီးနောက် သတင်းပျောက်ဆုံးနေခဲ့သော စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဒုဝန်ကြီးဟောင်း ညွှန့်အောင်မှာ ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံထားရပြီး ပိုင်ဆိုင်မှုများကိုပါ စစ်တပ်က ချိတ်ပိတ်သိမ်းဆည်းသွားကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်း ဝယ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ယမန်နှစ် စက်တင်ဘာလတွင် စစ်ကောင်စီက ကုန်သွယ်ရေးကော်မတီ ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ရန်နောင်စိုးတို့ကို ဖမ်းဆီးချိန်တွင် တွဲဖက်ဖြစ်သော စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီး ညွှန့်အောင်ကိုပါ တစ်ပါတည်း ဖမ်းဆီးခဲ့ကြောင်း၊ ဒုဝန်ကြီးဟောင်း ညွှန့်အောင်ကိုမူ မိုးမြင့်ထွန်း၊ ရန်နောင်စိုးတို့နှင့် တစ်ပေါင်းတည်းမဟုတ်ဘဲ အမှုတွဲ သီးခြားဖွင့် ဖမ်းဆီးခဲ့ပြီး ပြစ်ဒဏ်ချမှတ်ခြင်းမရှိဘဲ ကြာမြင့်စွာ ထိန်းသိမ်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ယမန်နှစ် အောက်တိုဘာလတွင် ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဗိုလ်မှူးချုုပ်ရန်နောင်စိုးတို့ကို စစ်ကောင် စီက နိုင်ငံတော်၏ စီးပွားရေးမူဝါဒများကို သစ္စာဖောက်ဖျက်မှုကို ကျူးလွန်ခဲ့မှု၊ ဒေါ်လာ စျေးတင်ရောင်းချခြင်းကို အရေးယူရန် ပျက်ကွက်ခြင်း၊ ပတ်သက်ဆောင်ရွက်ခြင်း၊ ကုမ္ပဏီများက ပေးအပ်သည့် တံစိုးလက်ဆောင်ပစ္စည်းများကို ရာထူးလုပ်ပိုင်ခွင့်ကို အသုံးပြု၍ ရယူဆောင်ရွက်ခဲ့ခြင်း၊ နိုင်ငံခြားသုံးငွေများကို တရားမဝင်လက်ဝယ်ထားရှိခြင်း၊ စစ်စည်းကမ်းဆိုင်ရာ ညွှန်ကြားချက်များကို ဖောက်ဖျက်၍ အရပ်ဘက်စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ခြင်းတို့ဖြင့် ထောင် ဒဏ်နှစ် ၂၀ (တစ်သက်တစ်ကျွန်း) အပြစ်ပေးခဲ့ကြောင်း၊ သို့ရာတွင် ဒုဝန်ကြီးဟောင်း ညွှန့်အောင် သတင်းမှာမူ ပြစ်ဒဏ်ချမှတ်ခြင်း ရှိ၊ မရှိ ပျောက်ဆုံးနေခဲ့ရာမှ ယခုနောက်ဆုံး ထောင်ဒဏ် ၁၂ နှစ်ချမှတ်ခံရသည်ဟု သိရှိရခြင်းဖြစ်ကြောင်း စီးပွား/ကူးသန်း သတင်းရင်းမြစ်က ဆိုသည်။

“စီးကူးဒုဝန်ကြီးဟောင်း ဦးညွှန့်အောင်က ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဗိုလ်မှူးချုပ်ရန်နောင်စိုးတို့ အဖမ်းခံရချိန်မှာ သူလည်း အဖမ်းခံရတယ်။ ဒါပေမယ့် အမှုက မတူဘူး။ သီးခြားပေါ့။ ထိုင်းကို ပြောင်းတွေ တင်ပို့မှုနဲ့ စီးပွားကူးသန်း က ညွန်မှူးတွေ အစစ်ခံရပြီး နောက်ဆုံး ဦးညွှန့်အောင်လုပ်တာ ပေါ်သွားလို့ ထောင်ဒဏ် ၁၂ နှစ် ချခံရပါတယ်။ အမှုက အများဆုံး ၃ နှစ်ပဲ ချရမှာကို များများ ထောင် ဒဏ်ချချင်တော့ ပြောင်းတင်ပို့တဲ့ ရထားတွဲ ၄ တွဲမှာ ၁တွဲကိုထောင်ဒဏ် ၃ နှစ်နှုန်းနဲ့ ရထားတွဲ ၄ တွဲစာ ထောင်ဒဏ် ၁၂ နှစ်ကိုတရားသူကြီးက စာအိတ်ဖောက် ဖတ်ပြီး အမိန့်ချလိုက်တာပါ” ဟု စီးပွား/ကူးသန်းသတင်းရင်းမြစ်က ဆိုသည်။

ဒုဝန်ကြီးဟောင်း ဦးညွန့်အောင်သည် စစ်တက္ကသိုလ်အပတ်စဉ် ၃၀ (DSA-30) ကျောင်းဆင်းတဦးဖြစ်ပြီး စစ်အရာရှိဟောင်းတစ်ဦးဖြစ်ပြီး ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျခံရသော ဒုဗိုလ်ချုပ် ကြီး မိုးမြင့်ထွန်းနှင့် စစ်တက္ကသိုလ် အပတ်စဉ်တူ ဖြစ်ကြောင်း သိရှိရသည်။

ဦးညွန့်အောင်သည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနတွင် ညွန်ကြားရေးမှူးချုပ်ရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့စဉ် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၆ ခုနှစ် ဇန်နဝါရီလအတွင်း ကချင်ပြည်နယ်ရှိ ဖားကန့် ကျောက်စိမ်းတွင်းများတွင် တရုတ်ဘက်မှ တရားမဝင် ယန္တရားကြီးများ အလွန်အကျွံသုံးစွဲနေမှုကို ထိရောက်သည့် အရေးယူမှုမရှိကြောင်း စိစစ်တွေ့ရှိ၍ သမ္မတသိန်းစိန်က ဦးညွန့်အောင်ကို အငြိမ်းစားပေးခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီက ဦးညွန့်အောင်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး အဖြစ်ခန့်အပ်ခဲ့ကြောင်း သိရှိရသည်။

၂၀၂၃ စက်တင်ဘာ ၂၅ ရက်နေ့တွင် စစ်ကောင်စီက ၎င်းကို စီးပွား/ကူးသန်း ဒုတိယဝန်ကြီး အဖြစ်မှ အနားပေးကြောင်း ထုတ်ပြန်ခဲ့ပြီး ယခုအခါ ထောင်ဒဏ် ၁၂ နှစ်ကျခံနေရကြောင်း သိရှိရသည်