ရခိုင်ပြည်တွင် AA က ကမ်းခြေစောင့်လုံခြုံရေးတပ်ဖွဲ့နှင့် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့များ ဖွဲ့စည်း ကင်းလှည့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅ ဦးကို နတ်မြစ်အတွင်း ဖမ်းဆီးရရှိခဲ့ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် ညှိနှိုင်း ပြန်လည်လွှတ်ပေးခဲ့

by

in

ရခိုင်ပြည်တွင် AA က ကမ်းခြေစောင့်လုံခြုံရေးတပ်ဖွဲ့နှင့် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့များ ဖွဲ့စည်း ကင်းလှည့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅ ဦးကို နတ်မြစ်အတွင်း ဖမ်းဆီးရရှိခဲ့ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် ညှိနှိုင်း ပြန်လည်လွှတ်ပေးခဲ့
ရန်ကုန်၊ အောက်တိုဘာ ၁၁

ရခိုင်ပြည်တွင် အာရက္ခတပ်တော် AA က ကမ်းခြေစောင့် လုံခြုံရေးတပ်ဖွဲ့နှင့် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့များ ဖွဲ့စည်းရေး လုံခြုံရေးကင်းလှည့်မှုများ လုပ်ဆောင်နေကြောင်း AA က တရားဝင် သတင်းထုတ်ပြန်ထားသည်။
AAအာရက္ခစစ်သည်တော်များ၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များက အာရက္ခဒေသနေ အပြစ်မဲ့ အရပ်သားပြည်သူများကို လူမျိုးမရွေး၊ ဘာသာမရွေး ခွဲခြားဘက်လိုက်မှုမရှိဘဲ ၎င်းတို့၏ အသက်၊ အိုးအိမ်၊ စည်းစိမ်နှင့် လုံခြုံရေးတို့ကို အထူးအလေးထားသကဲ့သို့ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နတ်မြစ်ကြောင်းတစ်လျှောက်တွင် အကြမ်းဖက်သမားများ ခိုအောင်းကျက်စားနိုင်မှုမရှိစေရေးတို့အတွက် ဒေသခံပြည်သူလူ ထုများနှင့် ပူးပေါင်းကာ အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိနေကြောင်း AA က သတင်းထုတ်ပြန်သည်။
အာရက္ခတပ်တော်၊ ကမ်းခြေစောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အောက်တိုဘာလ ၇ ရက်နေ့ ၊ နံနက် ၁၁ နာရီ ၄၃ မိနစ်အချိန် ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး အာရက္ခရေပိုင်နက် (နတ်မြစ်) အတွင်းသို့ ဝင်ရောက်ငါးဖမ်းခဲ့သော စက်လှေနှစ်စီးအနက် တစ်စီးကို အချိန်မီ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ အဆိုပါကျူးကျော်ဝင်ရောက်လာသည့် စက်လှေနှစ်စီးထဲမှ တစ်စီးမှာ ဘင်္ဂလာဒေ့ရှ်ရေပိုင်နက်အတွင်းသို့ ဦးလှည့်ထွက်ပြေးသွားပြီး ကျန်တစ်စီးမှ ဘင်္ဂလာဒေ့ရှ်နိုင်ငံသား၊ ရေလုပ်သား ၅ ဦး အာရက္ခတပ်တော်၊ ကမ်းခြေစောင့်လုံခြုံရေးတပ်ဖွဲ့ဝင်များက လုပ်ထုံးလုပ်နည်း များနှင့်အညီ လုံခြုံရေးအရ ခေါ်ယူစစ်ဆေးမေးမြန်းရန် ယာယီထိန်းသိမ်းခဲ့ကြောင်း သိရှိရသည်။
ယင်းနောက် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များ၏ ညှိနှိုင်းတောင်းဆိုချက်များအား အသိအမှတ်ပြုအလေးထားသည့်အနေဖြင့် အာရက္ခ ရေပိုင်နက် (နတ်မြစ်) အတွင်းသို့ ကျူးကျော်ဝင်ရောက်ငါးဖမ်းခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၊ ရေလုပ်သား ၅ ဦးတို့ကို ခေတ္တ ခေါ်ယူ စစ်ဆေးမေးမြန်းပြီးနောက် ဆက်လက်ထိန်းသိမ်းထားခြင်းမပြုတော့ဘဲ အောက်တိုဘာလ ၉ ရက်၊ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ် အချိန်တွင် ဘင်္ဂလာဒေ့ရှ် – အာရက္ခ ရေပိုင်နက် နယ်စပ်မျဉ်း၊ တက္ကနာ-မောင်တော ရေပြင်တစ်နေရာ၌ နောက်နောင်များတွင် ဤကဲ့သို့ကျူးကျော်ငါးဖမ်းခြင်းများ ထပ်မပြုလုပ်ရန် ခံဝန်ကတိလက်မှတ်ထိုး၍ ပြန်လည်လွှတ်ပေးခဲ့ကြောင်း၊ ထို့ပြင် မိမိတို့ ခေါ်ယူစစ်မေးနေသည့်အချိန်တွင်လည်း အတင်း အဓမ္မ စစ်ဆေးမေးမြန်းခြင်းများ၊ ရိုက်နှက်ခြင်းများ မပြုလုပ်ခဲ့သည်ကို ကာယကံရှင်များကိုယ်တိုင်က ထုတ်ဖော် ပြောကြားခဲ့ပြီးဖြစ်ကြောင်း AA က သတင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ- AA ကဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅ ဦးကို ပြန်လည် လွှတ်ပေးစဉ်။