ရခိုင်-မြန်မာ တေးသံရှင် ဆုမြတ်ထက်ကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ပြီး မရမ်းကုန်း စစ်ကြောရေးစခန်းတွင် စစ်ဆေးနေ

by

in

ရခိုင်-မြန်မာ တေးသံရှင် ဆုမြတ်ထက်ကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ပြီး မရမ်းကုန်း စစ်ကြောရေးစခန်းတွင် စစ်ဆေးနေ

ရန်ကုန်၊ အောက်တိုဘာ ၁၁

အကြမ်းဖက်စစ်ကောင်စီက ရခိုင်-မြန်မာ တေးသံရှင် မဆုမြတ်ထက်ကို ဖမ်းဆီးထားပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်ကာ မရမ်းကုန်းစစ်ကြောရေးတွင် စစ်ဆေးနေကြောင်း စုံစမ်းသိရှိရသည်။

အောက်တိုဘာ ၇ ရက် မွန်းလွဲ ၁ နာရီအချိန် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မဆုမြတ်ထက်ကို ရန်ကုန် တာမွေမြို့ရှိ နေအိမ်မှဖမ်းဆီးသွားပြီး လက်ရှိ မရမ်းကုန်းမြို့နယ် ၈ မိုင်ရှိ စစ်ကောင်စီ တပ်စခန်း စစ်ကြောရေးတွင် စစ်ဆေးခံနေရကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“မဆုမြတ်ထက်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ သိရတယ်။ ဘယ်ပုဒ်မနဲ့ဆိုတာကတော့ မသိရသေးဘူး။ မရမ်းကုန်းမြို့နယ် ၈ မိုင်က စစ်ကောင်စီ စစ်တပ်စခန်း စစ်ကြောရေးမှာ စစ်ဆေးခံနေရပါတယ်။ အခုထိ အိမ်ပြန်မရောက်သေးဘူး။ သမီးသတင်းကြောင့် မိခင်ဖြစ်သူဟာ အိပ်ရာထဲလဲပြီး စိုးရိမ်သောက ရောက်နေပါတယ်။ ” ဟု မိသားစုနှင့်နီးစပ်သူက ပြောသည်။

မဆုမြတ်ထက် သည် ပြည်ပရှိအဖွဲ့တစ်ခု၏ ဖေ့စ်ဘုတ်လူမှုကွန်ရက်အကောင့်တွင် Admin ဖြစ်နေခြင်း၊ ယင်းလူမှုကွန်ရက်အကောင့်မှ ဆုမြတ်ထက်ထံသို့ ငွေကျပ် သိန်း ၄၅၀၀ လွှဲထားခြင်း၊ အကြမ်းဖက်အဖွဲ့ကို ငွေကြေးထောက်ပံ့မှုရှိသည်ဟု စသဖြင့် စစ်ကောင်စီက စွပ်စွဲကာ အမှုဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

သို့သော်လည်း စစ်ကောင်စီ၏ စွပ်စွဲချက်များအားလုံးကို မဆုမြတ်ထက်က ငြင်းဆိုထားပြီး အကြမ်းဖက်မှုဥပဒေဖြင့် အမှုဖွင့်လှစ်ထားခြင်းကိုလည်း လက်မခံဟု ထွက်ဆိုထားကြောင်း ခိုင်လုံသော သတင်းရင်းမြစ်က ပြောသည်။

“စစ်ကောင်စီ စွပ်စွဲတဲ့ ငွေကျပ် သိန်း ၄၅၀၀ လွှဲလို့ရှိတယ်ဆိုတာကို ဆုမြတ်ထက်က လက်မခံဘူးလို့ ထွက်ဆိုထားတယ်လို့ သိရပါတယ်။ အကြမ်းဖက်အဖွဲ့တွေကိုလည်း ထောက်ပံ့တာ မရှိဘူးလို့ ထွက်ဆိုထားပါတယ်။ နောက်ထပ် အသေးစိတ်ကတော့ မသိရသေးဘူး။ စစ်ကြောရေးမှာ စစ်ဆေးခံနေရတုန်းပါပဲ။ ” ဟု သတင်းရင်းမြစ်က ပြောသည်။

မဆုမြတ်ထက်ကို ဖမ်းဆီးချိန်တွင် တူမဖြစ်သူကိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားပြီး နောက်တစ်နေ့ အောက်တိုဘာလ ၈ ရက် နေ့လယ်ပိုင်းတွင် တူမဖြစ်သူကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။

မဆုမြတ်ထက်၏ ဘဏ်စာအုပ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက သိမ်းဆည်းသွားပြီး စစ်ဆေးနေကြောင်းနှင့် သူမ၏ လူမှုကွန်ရက်အကောင့်များကိုလည်း ဝင်ရောက်ရှာဖွေ စစ်ဆေးနေကြောင်း သိရသည်။

မဆုမြတ်ထက်သည် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ရခိုင်ပြည် မင်းပြားမြို့နယ် ရေကြီးမှုများတွင် ရေဘေးဒုက္ခသည်များကို ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

မဆုမြတ်ထက်သည် ရခိုင်ပြည် မာန်အောင်ဒေသခံတစ်ဦးဖြစ်ပြီး ရန်ကုန်မြို့တွင် သူ့မိသားစုဝင်များနှင့်အတူနေထိုင်ကာ တေးသီချင်းများဖြင့် အသက်မွေးဝမ်းပြုနေသူတစ်ဦးဖြစ်သည်။

မဆုမြတ်ထက်မှာ ပြစ်မှုဆိုင်ရာ ကျူးလွန်ထားခြင်းမရှိသည့်အတွက် အမြန်ဆုံးပြန်လွှတ်ပြီး မိသားစုဝင်များဖြင့် အဆက်အသွယ်ပြန်ရရေး မဆုမြတ်ထက် အသိုင်းအဝိုင်းက တောင်းဆိုနေကြသည်။