ရန်ကုန်အင်အားစု သပိတ်ခေါင်းဆောင် ဖမ်းဆီးခံရ

by

in

ရန်ကုန်အင်အားစု သပိတ်ခေါင်းဆောင် ဖမ်းဆီးခံရ
ဂျူချန်း
မဇ္ဈိမ။ ။ ရန်ကုန်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (Anti-Junta Alliance Yangon – AJAY)၏ ဦးဆောင်သူ တဦးဖြစ်သူ ကိုပိုင်ဖြိုးမင်း(ခ) ဒီရေအား စစ်ကောင်စီမှ ယမန်နေ့( အောက်တိုဘာ ၉ ရက် )ည ၁၁ နာရီခွဲအချိန်တွင် ဧည့်စာရင်းအကြောင်းပြကာ ဝင်ရောက်ရှာဖွေ ဖမ်းဆီးသွားကြောင်း AJAY မှ ယနေ့ အောက်တိုဘာ ၁၀ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
“ဧည့်စာရင်းဝင်စစ်တယ်လို့ သတင်းပို့ပြီး အဆက်သွယ်ပြတ်သွားတယ်။ ကိုပိုင်ဖြိုးမင်း နေထိုင်တဲ့အိမ်ကို မတရားဝင်စီးပြီးတော့ မတရားဝင်ဖမ်းသွားတာပါ။ ကိုပိုင်ဖြိုးမင်းက ရန်ကုန်မြို့ပြ သပိတ်တွေမှာ သပိတ်ခေါင်းဆောင် တဦးအနေနဲ့ ရွံရွံချွံချွံ ပါဝင်ခဲ့တဲ့သူတဦး။ ဒါကိုလည်း ရန်သူက သိပြီးတော့ သဲကြီးမဲကြီးလိုက်နေတယ်။ အထူးသဖြင့် ကိုဖိုးသားတို့ ကိုမဲကြီးတို့ ဖမ်းဆီးခံရပြီးချိန်မှာ ကိုပိုင်ဖြိုးမင်းကို လိုက်နေပြီဆိုတဲ့ အချက်အလက်တွေကျနော်တို့ ရထားတယ်” ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု ဦးဆောင်သူ ကိုနန်းလင်း ကပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၉ ရက်နေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွင် ဦးဆောင်ပါဝင်သူများဖြစ်ကြသည့် ကိုဇော်လင်းထွဋ် (ခ)ဖိုးသား၊ ကိုအောင်မင်းခိုင်(ခ)မဲကြီး၊ မမြမဉ္ဇူ နှင့် မနှင်းအိခိုင် တို့ ဖမ်းဆီးခံခဲ့ကြရသည်။
သပိတ်လူငယ် လေးဦး ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီမှ ကိုဖိုးသားနေထိုင်ရာ တောင်ဥက္ကလာပမြို့နယ် အင်းဝလမ်းနေအိမ်ကို ညတွင်းချင်း ဝင်ရောက်စီးနင်းခဲ့ပြီး၊ နောက်ရက် စက်တင်ဘာ ၂၀ ရက်နေ့တွင် သပိတ်ခေါင်း‌ဆောင် ကိုနန်းလင်း နေထိုင်သည့် ရန်ကင်းမြို့နယ်၊ ၁၃ ရပ်ကွက်ရှိ နေအိမ်ကိုလည်းကောင်း၊ တောင်ဥက္ကလာပမြို့နယ် ရာဇသင်္ကြန်လမ်းပေါ်ရှိ နေအိမ်ကိုလည်းကောင်း ဝင်ရောင်စီးနင်းရှာဖွေခဲ့ကြောင်း AJAY မှ အောက်တိုဘာ ၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ယမန်နေ့ညက ဖမ်းဆီးခံခဲ့ရသည့် ကိုပိုင်ဖြိုးမင်း သည် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုများတွင် စဥ်ဆက်မပြတ် ဦးဆောင် ပါဝင်ခဲ့သူဖြစ်သဖြင့် စစ်ကောင်စီ၏ ညှဥ်းပန်းနှိပ်စက်မှုများကြောင့် ကိုပိုင်ဖြိုးမင်း ၏ အသက်အန္တရာယ်ကို စိုးရိမ်ရကြောင်း ထုတ်ပြန်ထားသည်။
“ကိုပိုင်ဖြိုးမင်းက မတရားဖမ်းဆီးခံရတာဖြစ်တယ်၊ သူ့ရဲ့အိမ်ကို မတရားဝင်ရောက်စီးနင်းတာဖြစ်တယ်။ ခုချိန်ဆိုရင် စစ်ကြောရေးမှာ ပြင်းပြင်းထန်ထန် နှိပ်စက်ခံနေရမှာ ကြိမ်းသေတယ်။ ဘာကြောင့်လဲဆိုရင် စစ်ကောင်စီက ဒီလိုပုဂ္ဂိုလ်တွေ ဒီလိုလူငယ်တွေကို တကယ့်အငြိုးတေးကြီးကြီးနဲ့ ပုံစံမျိုးစုံ နှိပ်စက်ဖမ်းဆီး သတ်ဖြတ်ခဲ့တာလည်း ရှေ့မှာ သာဓက ရှိတယ်။ ကျနော်တို့ကတော့ ဘယ်လိုအခက်အခဲပဲကြုံကြုံ ကျနော်တို့ ရဲဘော်တွေအတွက် ပိုပြီးတော့ နှစ်ဆသုံးဆအားထည့်ပြီးတော့ စစ်အုပ်စုအလုံးစုံဖျက်သိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီအတွက် တိုက်ပွဲဝင်သွားမှာပါ” ဟု ကိုနန်းလင်းက ပြောသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရသူ စုစုပေါင်း ၂၇,၅၂၅ ဦးရှိပြီး ၂၁,၀၂၈ ဦးမှာ ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP)၏ အောက်တိုဘာ ၉ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စာတည်း – သန့်ဇော်(သန်လျင်)
#mizzima
#နိုင်ငံရေးအကျဉ်းသားများ
#ရန်ကုန်
#သပိတ်ခေါင်းဆောင်