အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းတွင် အဓိကစခန်းကြီးများ ကျသွားပြီးနောက် စစ်ကောင်စီက တပ်မိသားစုဝင်များကို ကုန်ကားကြီးများဖြင့် ပြောင်းရွှေ့ပေး၍ အထူးခံစစ်ပြင်ဆင်နေ

by

in

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းတွင် အဓိကစခန်းကြီးများ ကျသွားပြီးနောက် စစ်ကောင်စီက တပ်မိသားစုဝင်များကို ကုန်ကားကြီးများဖြင့် ပြောင်းရွှေ့ပေး၍ အထူးခံစစ်ပြင်ဆင်နေ
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၉ရက်

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို ကာကွယ် ထားသည့် အဓိက စခန်းကြီးများ အာရက္ခတပ်တော် (AA) ထံကျသွားပြီးနောက် ဌာနချုပ်အတွင်းမှ တပ်မိသားစုဝင်များကို နေရာပြောင်းရွှေ့ပေးနေကြောင်း သိရသည်။
ပခအတွင်းမှ စစ်ကောင်စီတပ် အရာရှိများ၏ မိသားစုများနှင့် တပ်မိသားစုဝင်များကို ယမန်နေ့ အောက်တိုဘာ ၈ ရက်နေ့ နံနက် ၇ နာရီခန့်ကစတင်၍ ကုန်ကားကြီးများအပါအဝင် အိမ်စီးကားများနှင့် စုစုပေါင်း ကားအစီးရေ ၂၀ကျော်ဖြင့် မကွေးဘက်သို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။
“အရပ်သားတွေဆီက ကုန်ကားတွေချောဆွဲပြီး တပ်ထဲခေါ်သွားတယ်။ မကွေးဘက်ကို မောင်းပို့ ပေးရမယ်ပြောတယ်။ ကုန်ကား အစီး၂၀လောက်ပါမယ်” ဟု အမ်းဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် မဲတောင်ကြောအနီးရှိ ရွာသာယာ၊ ကံ့ကော်တစ်ထောင်၊ ကြိမ်ချောင်း၊ ကျောက်စကွဲ ကျေးရွာများ၏ လမ်းတစ်လျှောက်တွင်လည်း ကတုတ်ကျင်းတူးခြင်း၊ မိုင်းထောင်ခြင်းများကို ပြုလုပ်ထားသည်။
ထို့ပြင် စစ်ကောင်စီက အမ်း-တပ်တောင်-စစ်တွေ လမ်းဆုံရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အဝင်ဂိတ် ကိုလည်း မူလရှိသည့်ခြံစည်းရိုးအပြင်ဘက်တွင် ဝါးချွန်များထိုးထားသည့် ခြံစည်းရိုး နောက်တစ်ထပ် ကာရံလိုက်ကြောင်း သိရသည်။
AA သည် ပြီးခဲ့သည့် အောက်တိုဘာ ၇ရက်နေ့တွင် စစ်ကောင်စီ၏ မဲတောင်ဗျူဟာကုန်းနှင့် အနီးနားရှိ ဆက်စပ် စခန်းငယ်များကိုပါ သိမ်းယူလိုက်ပြီးနောက် စစ်ကောင်စီက ယခုကဲ့သို့ ခံစစ်အထူး ပြင်ဆင်ခြင်းနှင့် မိသားစုဝင်များကို ပြောင်းရွှေ့ခြင်းများ ပြုလုပ်လာခြင်းဖြစ်သည်။
စစ်ကောင်စီအထက်ပိုင်းများက တပ်အတွင်း မိသားစုများရှိပါက ကျောက်တော် စကခနှင့် လောက်ကိုင် ဒကစများ ကဲ့သို့ တပ်ဖွဲ့ဝင်များ မိသားစုကို ငဲ့ညှာကာ လက်နက်ချမည်ကို မလိုလားသောကြောင့် တပ်မိသားစုဝင်များကို ပြောင်းရွှေ့ပေးရခြင်းဖြစ်သည်ဟု တပ်တွင်းသတင်းရင်းမြစ်က ဆိုသည်။
“အသေခံတိုက်ဖို့ ညွှန်ကြားထားတာပါ။ မဆုတ်တမ်းခံစစ်ဆိုတာကို ရေရေလည်လည်သုံးပြီး အသေခံ တိုက်ခိုင်းတာပေါ့။ မိသားစုဝင်တွေအပေါ် စေတနာထားလို့မဟုတ်ဘူး။ လက်နက်ချမှာစိုးလို့” ဟု တပ်တွင်းသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် AA သည် ဂွ၊ မောင်တော၊ အမ်းတို့တွင်လည်း စစ်ရေးဖော်ဆောင်နေပြီး တောင်ကုတ်ရှိ စစ်ကောင်စီတပ်များကိုလည်း ပိတ်ဆို့စောင့်ကြည့်နေကြောင်း သိရသည်။
ပုံစာ-ရခိုင်တိုက်ပွဲများအတွင်း AAကဖမ်းဆီးရမိ၍ ကျွေးမွေးထိန်းသိမ်းထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်တပ်မိသားစုများ(ပုံဟောင်း)
#အမ်း #နပခ #တပ်မိသားစုဝင် #ပြောင်းရွှေ့ #ခံစစ်ပြင် #Ayeyarwaddy_Times