တရုတ်သဘောမတူလည်း တော်လှန်ရေး ရပ်တန့်မည်မဟုတ်ဟု NUGပြော

by

in

အာဏာသိမ်းစစ်ဗိုလ်ချုပ်များဘက်က ရပ်တည်ကြောင်း တရုတ်၏သဘောထား ထွက်လာသော်လည်း NUG က နိုင်ငံရေးမှစစ်တပ်ထွက်သွားရေး မူဝါဒ ဆက်လက်ကိုင်စွဲထားမည်ဟု ပြောသည်။

တော်လှန်ရေးအင်အားစုကို တရုတ်အစိုးရက ပိတ်ဆို့သည့်အပြင် စစ်ကောင်စီကို ဆက်လက် တိုက်ခိုက်ခြင်း မပြုရန် သတိပေးထားသော်လည်း အာဏာသိမ်းစစ်ကောင်စီကို ဆက်လက် ခုခံတိုက်ခိုက်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)၏ နိုင်ငံခြားရေး ဒုဝန်ကြီးက အောက်တိုဘာ ၈ ရက်နေ့တွင် Myanmar Now ကို ပြောသည်။

တရုတ်-မြန်မာ နယ်စပ် အခြေစိုက် ‘ဝ’ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် (UWSA) ခေါင်းဆောင်များနှင့် တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းတို့ သြဂုတ် ၂၇က တရုတ်နိုင်ငံယူနန်ပြည်နယ်အတွင်း တွေ့ဆုံမှု အစည်းအဝေးမှတ်တမ်းတွင် ပါရှိသည့် တရုတ်၏ ပြင်းထန်သည့် သဘောထားနှင့် ပတ်သက်၍ NUG၏ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးက တုံ့ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။

တရုတ်ဘာသာဖြင့် ရေးသားထားသည့်၊ အောက်တိုဘာလဆန်းပိုင်းတွင် ပေါက်ကြားလာသည့် မှတ်တမ်းတွင် ဖော်ပြချက်အရ UWSAဘက်က ဒုတိယဥက္ကဌ ကျောက်ကောအန်း၊ ဒုတိယအထွေထွေအတွင်းရေးမှူး ပေါက်အိုက်ခမ်းနှင့် ဗဟိုကော်မတီရုံး ဒုတိယဌာနကြီးမှူးဖြစ်သူ မောဇစ်ရုန်းတို့ အစည်းအဝေးတက်ရောက်ခဲ့ကြသည်။

စစ်တပ်ပျက်သုန်းပြီး အနောက်နိုင်ငံများဘက် ယိမ်းသည့် NUG နှင့် တော်လှန်ရေးအင်အားစု အနိုင်ရသွားမည်ကို မလိုလားကြောင်း တရုတ်က ပြောဆိုထားသလို ဝတပ်ဖွဲ့ခေါင်းဆောင်များကိုလည်း စစ်တပ်ကို ပုန်ကန်နေသူများထံ လက်နက် မရောင်းချရန် ဖိအားပေးသလို ကိုးကန့်တပ်(MNDAA)၊ တအာင်းတပ် (TNLA)များကို ပိတ်ဆို့ဖြတ်တောက်ရန်လည်း တောင်းဆိုသည်ဟု မှတ်တမ်းက ဆိုသည်။

မြန်မာပြည်အခြေအနေကို ကြည့်ပြီး မှန်မှန်ကန်ကန် ရပ်တည်စေလိုသည်ဟု NUG ဒုဝန်ကြီး ဦးမိုးဇော်ဦးက ပြောသည်။

“အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ စစ်တပ်ဟာ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြဿနာရဲ့ အရင်းအမြစ်ဖြစ်တယ်ဆိုတာ နားလည်သင့်ပါတယ်။ စစ်တပ်က နိုင်ငံရေးမှာ ပါဝင်နေသရွေ့ တိုင်းပြည်အတွင်း ရေရှည်တည်တံ့တဲ့ အဖြေကို ရရှိမှာ မဟုတ်ပါဘူး”ဟု ဦးမိုးဇော်ဦးက ပြောသည်။

“ပြီးတော့ ကျွန်တော်တို့အနေနဲ့ ဘယ်လိုအခြေနေမှာပဲ ဖြစ်နေပါစေ၊ ဆက်လက်တော်လှန်သွားဖို့ သန္နိဋ္ဌာန်ချထားပါတယ်။ ပဋိပက္ခဖြစ်နေတဲ့အခြေနေတစ်ခုမှာ ဘက်တစ်ဘက်တည်းကို ရပ်တည်တာက အမြော်အမြင်ရှိတဲ့ရွေးချယ်မှုတော့ မဟုတ်ပါဘူး”

အဆိုပါအစည်းအဝေးမှတ်တမ်းနှင့်ပတ်သက်၍ ဝတပ်ဖွဲ့အပါအဝင် မြောက်ပိုင်းမဟာမိတ်တပ်များထံ Myanmar Nowအနေဖြင့် ဆက်သွယ်မေးမြန်း၍ မရသေးပေ။​

စစ်တပ်သည် မြန်မာနိုင်ငံကို ထူထောင်သူဖြစ်ပြီး စစ်တပ်နေရာတွင် NUG သို့မဟုတ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLDပါတီတို့ အစားထိုးဝင်ရောက်၍ မရနိုင်ကြောင်း တရုတ်ကိုယ်စားလှယ်က ဝတပ်ဖွဲ့ခေါင်းဆောင်များကို ပြောသည်ဟု ထိုအစည်းအဝေးမှတ်တမ်း၌ ဖော်ပြထားသည်။

ဝ၊ ကိုးကန့် တပ်များ၏ ထိန်းချုပ်နယ်မြေသည် တရုတ်နယ်စပ်နှင့် ကပ်လျက်တည်ရှိနေပြီး တရုတ်၏ ဖိအားပေးမှုကို ခံကြရကြောင်း သတင်းများ ထွက်နေသော်လည်း ယခုပေါက်ကြားလာသည့် မှတ်တမ်းအရ ဖိအား လွန်စွာ ကြီးမားနေသည်ကို တွေ့ရသည်။

စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်နေသည့် ကိုးကန့်တပ် ထိန်းချုပ်ရာနယ်မြေများအတွင်း ဆေးဝါး၊ လောင်စာဆီ၊ ရိက္ခာနှင့် လက်နက်ခဲယမ်းများ ဝင်ရောက်မှုမရှိစေရန် ပိတ်ဆို့ရမည် ကိုးကန့် တပ်နှင့် တအာင်း တပ်များကို လက်နက်ခဲယမ်းထောက်ပံ့လျှင် ဝတပ်ဖွဲ့ကိုပါ အရေးယူ အပြစ်ပေးသွားမည်ဟုလည်း တရုတ်က အတိအလင်းပြောကြားကြောင်း မှတ်တမ်းတွင် ဖော်ပြထားသည်။

လားရှိုးမြို့ကို ကိုးကန့်တပ် သိမ်းပိုက်ထားသည်ကို အသိအမှတ်မပြုကြောင်း၊ စစ်တပ်ကို ထိုးစစ်ဆင်တိုက်ခိုက်မှုများ မရပ်တန့်မချင်း ကိုးကန့်တပ်ကို ပိတ်ဆို့အရေးယူမည် ဖြစ်ကြောင်း တရုတ်က ပြောဆိုသည်ဟု မှတ်တမ်းတွင် တွေ့ရသည်။