မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့အစည်းများကို သက်ဆိုးရှည်စေသော တရားမဝင် ကုန်သွယ်မှု ကြီးထွားနေခြင်းကို တိုက်ဖျက်တားဆီးရမည်ဟု အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်း အမိန့်ပေးပြန်

by

in

မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့အစည်းများကို သက်ဆိုးရှည်စေသော တရားမဝင် ကုန်သွယ်မှု ကြီးထွားနေခြင်းကို တိုက်ဖျက်တားဆီးရမည်ဟု အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်း အမိန့်ပေးပြန်
ရန်ကုန်၊ အောက်တိုဘာ ၁၀

မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့အစည်းများကို သက်ဆိုးရှည်စေသော တရားမဝင် ကုန်သွယ်မှု ကြီးထွားလာနေခြင်းကို တိုက်ဖျက်တားဆီးရမည်ဟု အကြမ်းဖက် ဒုတိယစစ်ခေါင်းဆောင် စိုးဝင်း အမိန့်ပေးလာကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သော တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီအစည်းအဝေး ၄/ ၂၀၂၄ တွင် အထက်ပါ အတိုင်းပြောဆို အမိန့်ပေးလာခြင်းဖြစ်ကြောင်း သိရှိရသည်။
လက်ရှိ စစ်ကောင်စီက နိုင်ငံ၏ နယ်စပ်ဒေသတချို့နေရာများတွင် လုံခြုံရေးအရ စောင့်ကြည့်ထိန်းသိမ်းရန် ကန့်သတ်ချက်များ ရှိနေကြောင်း၊ ဥပဒေပိုင်းအရလည်း အားနည်းချက်များရှိနေကြောင်း၊ ဝန်ထမ်းအင်အား မလုံလောက်ခြင်းနှင့် အကျင့်ပျက်ခြစားမှုများလည်းရှိနေကြောင်း ၎င်းက ဆိုသည်။
“သူပြောတာက လက်ရှိမှာ နယ်စပ်ဒေသတွေကို တပ်မတော်က အခြေအနေအရ လက်လွှတ်ထားရတယ်။ အဲဒီအတွက် နယ်စပ်ဒေသတွေမှာ အခွန်ကောက်ယူနေတဲ့ ကုန်သွယ်ရေးတွေ ဖြစ်လာပြီး လက်နက်ကိုင်အဖွဲ့အစည်းတွေက အဲဒီ အခွန် အကောက်တွေနဲ့ လက်နက်တွေဝယ်၊ ကျည်ဆန်တွေဝယ်ပြီး လူသူစုဆောင်းမှုတွေကြောင့် အင်အား တဖြည်းဖြည်း ကြီးထွားနေတယ်။ အဲဒါကြောင့် အဲဒီလို ကုန်သွယ်မှုတွေကို မတားဆီးရင် လက်နက်ကိုင်အဖွဲ့အစည်းတွေ ပိုပြီးတော့ အင်အားကြီးထွားလာမယ်။ နိုင်ငံမှာ လက်နက်ကိုင်အဖွဲ့တွေ ပိုပြီးတော့ ကြီးထွားသက်ဆိုးရှည်လာမယ်။ အဲဒါကြောင့် တရားမဝင်ကုန်သွယ်မှုကို တိုက်ဖျက်ရမယ်ဆိုပြီး အစည်းအဝေးမှာ အမိန့်ပေးပြောလာတာ” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
လက်ရှိတွင် စစ်ကောင်စီက နိုင်ငံခြားသုံးငွေ သုံးစွဲမှု လျှော့ချနေရသဖြင့် သွင်းကုန်အများစုကို ကန့်သတ်ထားရကြောင်း၊ ယင်းအခြေအနေအပေါ် မူတည်၍ ပြည်တွင်းတွင် လိုအပ်နေသော သွင်းကုန်များကို နယ်စပ်ဒေသများမှတစ်ဆင့် တရားမဝင် တင်သွင်းလာနေကြောင်း၊ ထိုသို့ တင်သွင်းမှုများကို တားဆီး ဖမ်းဆီးစစ်ဆေးရမည်ဖြစ်ကြောင်း အကြမ်းဖက်ဒုစစ်ခေါင်းဆောင် စိုးဝင်းက ပြောဆိုသည်။
တရားမဝင်ကုန်သွယ်မှုများကို တိုက်ဖျက်ဆီးရန်အတွက် လမ်းကြောင်းများတွင် စောင့်ကြည့်ဖမ်းဆီးရမည့်အပြင် ဂိုဒေါင်များနှင့်သိုလှောင်ရုံများကိုလည်း လိုက်လံစစ်ဆေး ဖမ်းဆီးရမည်ဖြစ်ကြောင်း၊ ထို့ပြင် စျေးကွက်များအတွင်းထိပါ ကွင်းဆင်း၍ ဖမ်းဆီး စစ်ဆေးအရေးယူရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။