ရန်ကုန်တိုင်း လုံခြုံရေး မကျိုးပေါက်စေဖို့ စစ်ခေါင်းဆောင် သတိပေး

by

in

ရန်ကုန်တိုင်း လုံခြုံရေး မကျိုးပေါက်စေဖို့ စစ်ခေါင်းဆောင် သတိပေး
ဧရာဝတီ၊ အောက်တိုဘာ ၉၊ ၂၀၂၄

ရန်ကုန်တိုင်းအတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးကို တိုင်းအစိုးရ၊ တိုင်းစစ်ဌာနချုပ်တို့နှင့် ပူးပေါင်းဆောင်ရွက်ကာ လုံခြုံရေးဆိုင်ရာ ကျိုးပေါက်မှုမရှိရေးကြပ်မတ်ရန် စစ်ခေါင်းဆောင်က ယမန်နေ့တွင် ပြုလုပ်သည့် ရန်ကုန်တိုင်း လုံခြုံရေးနှင့် ဖွံ့ဖြိုးရေး အစည်းအဝေး၌ ပြောသည်။
လုံခြုံရေးနှင့်ပတ်သက်၍ ပြီးပြည့်စုံသည့် လုံခြုံရေးဟူ၍မရှိဘဲ ပြည်သူ လူထုပါဝင်သော လုံခြုံရေးသည် ပိုမိုအားကောင်းနိုင်မည်ဖြစ်ပြီး ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးပါက လုံခြုံရေးကျိုးပေါက်မှု လျော့နည်းမည်ဟုလည်း ၎င်းက ဆိုသည်။
ထို့ပြင် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များ ဖွဲ့စည်းထားပြီး ယင်းအဖွဲ့ဝင်များမှ လုံခြုံရေးအသိအမြဲမပြတ်ရှိရန်၊ အကြမ်းဖက်သမားများ ရပ်ကွက်/ကျေးရွာများသို့ စိမ့်မဝင်ရေး၊ ခရိုင်အုပ်ချုပ်ရေးမှူးများအနေဖြင့်လည်း တာဝန်ရှိပြီး မိမိတို့ တာဝန်ယူရသည့် မြို့နယ်များ၏ အချက် အလက်များ၊ ဖြစ်ပေါ်ပြောင်းလဲနေမှုများကို အမြဲမပြတ် သိရှိနေရမည်ဖြစ်ကာ လုံခြုံရေးဆိုင်ရာ ကျိုးပေါက်မှု ဖြစ်ပေါ်လာမည့်အခြေအနေများအား သုံးသပ်တွက်ချက်နေရန် စစ်ခေါင်းဆောင်က ပြောဆိုသည်။
ပြည်သူများ၏လုံခြုံရေးကဏ္ဍအတွက် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ၊ တရားရေးရာတာဝန်ရှိသူများ၊ အုပ်ချုပ်ရေး ဆိုင်ရာတာဝန်ရှိသူများက ဒီမိုကရေစီကို အဓိကထိန်းကျောင်း ပေးနိုင်ပြီး ပြည်သူအားကိုးရသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ဖြစ်ရန်လည်း စစ်ခေါင်းဆောင်က ပြောသွားသည်။
ရန်ကုန်လုံခြုံရေးအား သတိပြုရန် စစ်ခေါင်းဆောင် ကြပ်မတ်ပြောဆိုနေသော်လည်း လက်ရှိအခြေအနေတွင် ရန်ကုန်တိုင်းအတွင်း၌ ခိုးဆိုးလုယက်မှုဖြစ်စဉ်များ ပေါများလျက်ရှိကာ တရားဥပဒေစိုးမိုးမှုမရှိတော့ဘဲ ပြည်သူများစိုးရိမ်ထိတ်လန့်စွာဖြင့်နေထိုင်ရသလို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့အနေဖြင့် မှုခင်းများနှိမ်နင်းရန်ထက် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြသူများကိုသာ ဦးစားပေး စစ်ဆေးဖမ်းဆီးမှုများပြုလုပ်လျက်ရှိကြောင်း မြို့နေလူထုက ဝေဖန်လျက် ရှိသည်။
ဓာတ်ပုံ- CINCDS