UG သတင်းရလို့ဆိုပြီး လှိုင်သာယာမှာ စစ်သားနဲ့ လူမိုက်တွေပေါင်းပြီး ပိုက်စိတ်တိုက် ဝင်စစ်

by

in

ရန်ကုန်မြို့၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်က ရပ်ကွက်နှစ်ခုကို စစ်သားနဲ့ လူမိုက်တွေပေါင်းပြီး ယမန်နေ့ညပိုင်းက ပိုက်စိတ်တိုက်ဧည့်စာရင်းဝင်စစ်တယ်လို့ မြို့ခံတွေက CJ Platform ကို ပြောပါတယ်။

အမှတ် ၆ နဲ့ ၇ ရပ်ကွက်တို့ကို သက်ဆိုင်ရာရပ်ကွက်လူကြီးတွေကို အသိမပေးဘဲ မြို့ပြပျောက်ကြားတပ်ဖွဲ့ဝင်(UG)တွေရှိတယ်ဆိုတဲ့သတင်းရလို့ဆိုပြီး ယမန်နေ့ ဩဂုတ်လ ၇ ရက် ည ၉ နာရီခွဲက‌နေ ၁၁ နာရီကြားမှာ ဝင်စစ်ခဲ့တာလို့ (၇)ရပ်ကွက်အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတစ်ဦးက CJ Platform သို့ ပြောပါတယ်။

“ကျွန်တော်တို့တောင် အသိမပေးဘူး။ ပျောက်ကြားအဖွဲ့ဝင်တွေ အဆောင်တွေမှာ နေထိုင်နေတယ်ဆိုတဲ့သတင်းအရ စစ်တာလို့သိရတယ်။ ရပ်ကွက်ထဲလည်း ပွက်လောတွေရိုက်သွားတယ်။ ရက်ကျော်သမားတွေ ရုံးကိုအခေါ်ခံရတာတွေလည်းရှိတယ်။ သူတို့ကိုက ဒဏ်ငွေရိုက်ပြီး ပြန်လွှတ်ပါတယ်“ လို့ ၎င်းက ပြောပါတယ်။

အဲဒီလို စစ်ဆေးမှုလုပ်ရာမှာ အဆောင်တချို့မှာ ဧည့်စာရင်းရက်ကျော်နေခြင်း၊ လူပိုရောက်နေခြင်း စတဲ့အခန်းတွေက လူတွေကို ဖမ်းဆီးသွားပြီးနောက် မနက်ရောက်မှ ဒဏ်ငွေဆောင်ခိုင်းပြီး ပြန်လွှတ်ပေးတယ်လို့ အဲဒီရပ်ကွက်နေသူတွေက ဆိုပါတယ်။

“ညက အဆောင်ကနေသူတွေအကုန်လုံးကို အောက်ဆင်းခိုင်းတယ်။ စာအုပ်နဲ့ လူနဲ့တိုက်စစ်တာ။ ကိုယ့်လမ်းလူကြီးမပါဘူး။ တခြားနေရာက လူကြီးတွေနဲ့ စစ်သားပါတယ်။ ရဲပါတယ်” လို့ အမှတ် ၇ ရပ်ကွက်အတွင်းရှိ ဧည့်စာရင်းစစ်ဆေးခံရတဲ့အဆောင်တစ်ခုမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

ယမန်နေ့ညပိုင်း ရှောင်တခင်ဝင်စစ်ဆေးခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ ရဲ၊ လူမိုက်တွေ၊ တခြားရပ်ကွက်အုပ်ချုပ်ရေးပိုင်းကလူတွေက ဝင်ရောက်စစ်ဆေးခဲ့တာလို့ အစစ်ဆေးခံလိုက်ရသူတချို့ထံမှ သိရပါတယ်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အမှတ် ၆ ရပ်ကွက် ပုသိမ်လမ်းမကြီးပေါ်မှာ လက်လုပ်မိုင်း နှစ်ကြိမ်တွေ့ခဲ့လို့ စစ်ကောင်စီတပ်က လမ်းပိတ်ပြီး ရှင်းလင်းခဲ့ရပါတယ်။

ရန်ကုန်မှာ ဧည့်စာရင်းတစ်ခါတိုင်ပါက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများသို့ ကျပ် ၅၀၀၀ ကနေ ၁၀,၀၀၀ အထိ ပေးနေရဆဲဖြစ်သလို မတိုင်မိပါက ဒဏ်ငွေ ကျပ်ငါးသောင်းကနေ တစ်သိန်းကျပ်အထိ ပေးဆောင်ရတယ်လို့ သိရပါတယ်။

စစ်တပ်က စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ လက်အောက်ခံတွေဟာ အကြောင်းအမျိုးမျိုးပြ ခြိမ်းခြောက်ငွေညှစ်တာတွေ လုပ်ဆောင်နေကြပါတယ်။

ဓာတ်ပုံ – CJ