စစ်ကောင်စီနှင့် စစ်တပ်လော်ဘီ အစွန်းရောက်များ၏ တရုတ်ဆန့်ကျင်ရေး လှုပ် ရှားမှုက မြန်မာပြည်ဖွားတရုတ်လူမျိုးများ၏ အသက်၊ အိုးအိမ်များကို အန္တရာယ်ပြုရန် ခြိမ်းခြောက်လာ

by

in

စစ်ကောင်စီနှင့် စစ်တပ်လော်ဘီ အစွန်းရောက်များ၏ တရုတ်ဆန့်ကျင်ရေး လှုပ် ရှားမှုက မြန်မာပြည်ဖွားတရုတ်လူမျိုးများ၏ အသက်၊ အိုးအိမ်များကို အန္တရာယ်ပြုရန် ခြိမ်းခြောက်လာ
ရန်ကုန်၊ ဩဂုတ် ၁၀

အကြမ်းဖက် စစ်ကောင်စီနှင့် လက်အောက်ခံ အစွန်းရောက်များ၏ တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုက မြန်မာပြည်ဖွားတရုတ်လူမျိုးများ၏ အသက်၊ အိုးအိမ်များကို အန္တရာယ်ပြုရန် ခြိမ်းခြောက်လာကြောင်း ပြည်တွင်းရေး လေ့လာစောင့်ကြည်နေသော အဖွဲ့များက အနီရောင် အဆင့်သတိပေးချက်အဖြစ် ထုတ်ပြန်ပြောဆိုထားသည်။
ဇူလိုင်လကုန်ပိုင်းတွင် ၁၀၂၇ ဒုတိယလှိုင်းအဖြစ် ရှမ်းပြည်မြောက်ပိုင်းမှ မန္တလေးတိုင်းအတွင်းအထိ ရောက်လာခဲ့ပြီး ရှမ်း-မန်းစစ်ဆင်ရေး ကိုပါ ပူးတွဲဆောင်ရွက်လာကြောင်း၊ ဒုတိယလှိုင်း စစ်ဆင်ရေးတွင် မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)၊ BPLA တပ်များ၊ အခြားတော်လှန်ရေးတပ်များက ပူးပေါင်းပါဝင်လာကြောင်း၊ လက်ရှိတွင် မိုးကုတ်၊ နောင်ချို၊ စဉ့်ကူး၊ မိုးမိတ်မြို့များကို သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ထို့ပြင် ယခုနောက်ဆုံး လားရှိုးရှိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကိုပါ သိမ်းပိုက်လာနိုင်ကြောင်း၊ အဆိုပါ သိမ်းပိုက်မှုများကြောင့် စစ်ကောင်စီတပ်နှင့် ထောက်ခံသူများ အထိနာကာ တရုတ်နိုင်ငံ၏ ပံ့ပိုးမှုကြောင့် ယခုကဲ့သို့ မြန်မြန်ဆန်ဆန် သိမ်းယူနိုင်ပြီး ကျူးကျော်စစ်အဖြစ် ပြောဆိုလာကြကြောင်း သိရှိရသည်။
လက်ရှိတွင် MNDAA ကိုးကန့်တပ်ဖွဲ့သည် တရုတ်များဖြင့် ဖွဲ့စည်းထားသော တပ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်စစ် အဖြစ် တရုတ်က ဆင်နွှဲနေခြင်းဖြစ်သည်ဟု စစ်တပ်ထောက်ခံသူများက တစ်တော့နှင့် တယ်လီဂရမ်ချန်နယ်များမှတစ်ဆင့် ဆက်တိုက်ဖော်ပြလာသည့်အပြင် တရုတ်နိုင်ငံနှင့်လူမျိုးကို မုန်းတီးသင့်ကြောင်း လှုံ့ဆော်မှုများ လုပ်ဆောင်လာသည်ဟု သိရှိရသည်။
လက်ရှိတွင် တရုတ်ဆန့်ကျင်ရေးအတွက် နာမည်ဆိုးဖြင့် ကျော်ကြားသော စစ်တပ်လော်ဘီ တစ်တော့နှင့် တယ်လီဂရမ် ချန်နယ်များဖြစ်သော ကျော်စွာ၊ဘညွန့်၊ သဇင်ဦး၊ ကိုသက်၊ ဟန်ငြိမ်းဦး၊ အောင်စစ်သည်၊ စစ်သတင်း၊ စစ်မင်း အစရှိသော ချန်နယ်များက လှုံ့ဆော်မှုများအပြင် မြေပြင်တွင်ပါ မြန်မာနွယ်ဖွား တရုတ်များကို ခြိမ်းခြောက်မှုများကိုပါ တစ်ပါးတည်း ပူးတွဲ လှုံ့ဆော် လာကြကြောင်း သိရှိရသည်။
ရမခတိုင်းစစ်ဌာနချုပ်နှင့် မြို့များ ၊ တပ်စခန်းများ ဆုံးရှုံးရသည့်အခြေအနေသည် တရုတ်၏ မြှောက်ပေးမှုနှင့် ပယောဂကြောင့် အဓိက ဖြစ်ပြီး UWSA ကဲ့သို့သော တရုတ်ဩဇာခံ တပ်ဖွဲ့များလည်း ပါဝင်နေကြောင်း စစ်တပ်လော်ဘီ NP News မှ ကျော်မျိုးမင်းနှင့် စစ်တပ်လော်ဘီ People Media မှ ကျော်စိုးဦး၊ Myanmar National Post မှ နောင်တော်လေး၊ စစ်တပ်လော်ဘီ ဇော်ဘုန်းဟိန်းတို့ကလည်း တစ်လျှောက်လုံး လှုံ့ဆော်လျက်ရှိသည်။
ယခုအခါ နေပြည်တော်၊ ရန်ကုန်တွင် တပ်ထောက်ခံသူများက ဩဂုတ်လ ၆ ရက်နေ့ MNDAA ဆန့်ကျင်ပွဲဟု အမည်တပ်ကာ တရုတ်နိုင်ငံနှင့် တရုတ်အစိုးရကိုပါ ဆန့်ကျင်ရန် ပြောဆိုလာသည့်အပြင် တစ်တော့များတွင် မြန်မာပြည်နွယ်ဖွား တရုတ်များ၏ အသက်နှင့် အိုးအိမ်များကိုပါ တိုက်ခိုက် ရန်လှုံ့ဆော်လာကြောင်း စိစစ်တွေ့ရှိရသည်ဟု လေ့လာစောင့်ကြည်သူများက ဆိုသည်။
ဩဂုတ်လ ၈ ရက်နေ့ မန္တလေးတွင် မြန်မာပြည်နွယ်ဖွား တရုတ်များ၏ အသက်နှင့်အိုးအိမ်ကို ခြိမ်းခြောက်သော စာများကို မန္တလေးတွင် ဖြန့်ဝေမှုများလုပ်ဆောင်လာသည့်အပြင် ကိုယ်ထိလက်ရောက်ကျူးလွန်ရန် လှုံ့ဆော်လာကြောင်း၊ အဆိုပါ လှုံ့ဆော်မှုများကို စစ်တပ်လော်ဘီကျော်စွာ တယ်လီဂရမ်တွင် ဓာတ်ပုံများနှင့်တကွ စာကပ်လှုပ်ရှားမှုများကို ဖော်ပြလာကြောင်း သိရှိရသည်။
မန္တလေးတွင် ဓာတ်တိုင်များတွင် ကပ်နေသော လှုံ့ဆော်စာများတွင် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်လာလျှင် မန္တလေးမြို့ပေါ်ရှိ တရုတ်လူမျိုးများကို ရှင်းလင်းမီးလောင်တိုက်သွင်းမည့်အဖွဲ့များကို အပြည့်အ၀ ထောက် ခံကြိုကြောင်း၊ မန္တလေးတွင် နေအိမ်တစ်လုံးပျက်စီးလျှင် တရုတ်အိမ် ၁ အိမ်ကို မီးရှို့မည်ဖြစ်ကြောင်း မန္တလေးသားတစ်ဦးသေလျှင် တရုတ် ၁ ဦးကို သတ်ဖြတ်မည်ဖြစ်ကြောင်း၊ တရုတ်နေအိမ်အများအပြားကို စာရင်းပြုစုထားကြောင်း မန်းလေးဇိုးလူငယ်အဖွဲ့ဟူသော အဖွဲ့၏ ခြိမ်းခြောက်စာတွင် ရေးသားထားသည်။
အကြမ်းဖက်စစ်ကောင်စီက လက်ရှိတွင် စစ်ရေးရှုံးနိမ့်မှုကို ဖာထေးရန်အတွက် လူမျိုးရေးဆိုင်ရာ အဓိကရုဏ်းအထိ ဦးတည်နေသော လှုံ့ဆော်မှုများကို ဆက်တိုက်ဆောင်ရွက်လာသဖြင့် ပြည်သူများအနေဖြင့် သတိထားကြရန် လိုအပ်ကြောင်း ပြည်တွင်းရေးလေ့လာစောင့်ကြည့်သော အဖွဲ့များက သတိပေးထားသည်။