မြင်းခြံမြို့နယ်၊ ကျောက်ကန်ပျူရွာကို တိုက်ခိုက်သိမ်းပိုက်မှုမှာ စစ်ကောင်စီဘက်က ၁၀ယောက်ကျော်သေ

by

in

မြင်းခြံမြို့နယ်၊ ကျောက်ကန်ပျူရွာကို တိုက်ခိုက်သိမ်းပိုက်မှုမှာ စစ်ကောင်စီဘက်က ၁၀ယောက်ကျော်သေ
အောက်တိုဘာ ၉၊ ၂၀၂၄
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ကျောက်ကန်ပျူရွာကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။
အောက်တိုဘာ ၇ရက်နေ့ မနက်ပိုင်းက ကျောက်ကန်ရွာ ပျူစောထီးစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်နေချိန်အတွင်း စစ်ကူလာတဲ့ ခြေလျင်စစ်ကြောင်းနဲ့ လက်နက်ကြီးပစ်ကူပေးတဲ့ ကျောက်ပြုတ် ကျေးရွာမြောက်ဘက် ဘုရားကုန်းက စစ်တပ်စခန်းတွေကိုလည်း ပြည်သူ့လွတ်မြောက် ရေးတပ်မတော် (အနောက်မြောက်စစ်‌ဒေသ)နဲ့ မဟာမိတ်အင်အားစုတွေက ဒရုန်းတွေနဲ့ရော စစ်ကြောင်းဖြတ်တောက်မှုတွေနဲ့ပါ ပူးပေါင်း တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်တွေအနေနဲ့ ကျောက်ကန်ရွာကို အပြီးသတ်တိုက်ခိုက်နိုင်ခဲ့ပေမယ့် စစ်ကောင်စီရဲ့ လေကြောင်းပစ်ကူနဲ့ လက်နက်ကြီးပစ်ကူတွေကြောင့် ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။
“ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် စစ်ကောင်စီဘက်က လေကြောင်းပစ်ကူနဲ့ လက်နက်ကြီးပစ်ကူတွေ တောက်လျှောက် လာနေအတွက် ထိန်းချုပ်မထားနိုင်ခဲ့ပါဘူး။ အဲ့ရွာမှာ ပျူ ၊ စစ်သား အားလုံးပေါင်း ၅၀ ကျော်ရှိတာကို သေတာကပဲ ၁၀ ကောင်ကျော်လောက် ရှိတယ်။ ပွဲအပြီး ရှင်းလင်းရေးမဝင်နိုင်ခဲ့တော့ အလောင်းမရဘူးပေါ့။ လက်နက်ကတော့ ၁လက်ရခဲ့ပါတယ်။ ခဲယမ်းအချို့နဲ့ပေါ့” လို့ အမှတ် ၈၁၅ တပ်ဖွဲ့၊ အနောက်မြောက်စစ်‌ဒေသ (ပြည်သူ့လွတ်မြောက် ရေးတပ်မတော်) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းကနေ ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ယောက်သေဆုံးခဲ့ရတယ်လို့လည်း သိရပါတယ်။
ကျောက်ကန်ရွာတိုက်ပွဲကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-အနောက်မြောက်စစ်ဒေသ(အမှတ် ၈၁၅ တပ်ဖွဲ့)၊ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့(PLA)၊ Myingyan Black Tiger တပ်ရင်း၊​​ ရွှေခြံသားတပ်ဖွဲ့၊ မြင်းခြံခရိုင်အမှတ်(၁၊၂၊၃၊၄၊၇)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။