လောင်းလုံးမှာ ဖမ်းမိတဲ့ သန်းခေါင်စာရင်းကောက်ဝန်ထမ်းတွေကို အရေးယူနိုင်ဖို့ မြို့နယ်ပအဖထံ အပ်နှံ

by

in

လောင်းလုံးမှာ ဖမ်းမိတဲ့ သန်းခေါင်စာရင်းကောက်ဝန်ထမ်းတွေကို အရေးယူနိုင်ဖို့ မြို့နယ်ပအဖထံ အပ်နှံ
အောက်တိုဘာ ၉၊ ၂၀၂၄

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာဖမ်းဆီးထိန်းသိမ်းထားတဲ့ သန်းခေါင်စာရင်းကောက်ခံသူ စစ်ကောင်စီဝန်ထမ်း ၉ယောက်ကို ဥပဒေအတိုင်းဆက်လက်လုပ်ဆောင်နိုင်ဖို့ လောင်းလုံးမြို့နယ်၊ ပြည်သူအုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ထံ လွှဲပြောင်းအပ်နှံထားကြောင်း သိရပါတယ်။
အောက်တိုဘာလ ၆ ရက်နေ့က လောင်းလုံးမြို့နယ်ကနေ ထားဝယ်မြို့ကိုသွားတဲ့လမ်းပိုင်းနဲ့နေအိမ်တွေမှာ သန်းခေါင်စာရင်းကောက်ယူဖို့ကြိုးစားနေတဲ့ စစ်ကောင်စီလက်အောက်ခံ ထွေအုပ်စာရေး၁ယောက်နဲ့ Non CDM ဆရာမ ၈ယောက်ကို သက်သေခံပစ္စည်းတွေနဲ့အတူ လောင်းလုံးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးရမိသူတွေကို သက်သေအထောက်အထားတွေနဲ့တကွ ဗီဒီယိုမှတ်တမ်း၊ ဓာတ်ပုံမှတ်တမ်းတွေ ရယူခဲ့ပြီး ၂၄နာရီအတွင်း ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်းဆောင်ရွက်နိုင်ဖို့ လောင်းလုံးမြို့နယ် ပအဖထံ အပ်နှံခဲ့တာလို့ သိရပါတယ်။
“ဟုတ် အခုတော့ သူတို့နဲ့အတူ သက်သေခံပစ္စည်းတွေ၊ ဖုန်းတွေ၊ စာရွက်စာတမ်းတွေကနေတဆင့် ဆက်လက်စစ်ဆေးတာတွေကို လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကနေ ဆက်လက်ဆောင်ရွက်မှာပါ။ သိရှိရတဲ့အချက်အလက်တွေကိုတော့ အသေးစိပ်ပြောလို့မရသေးပါဘူး” လို့ လောင်းလုံးမြို့နယ် ပကဖ ပြန်ကြားရေးတာ၀န်ခံ ကိုရှဲဒိုးက မောင်းကိုပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီက ထွက်ပေါက်တစ်ခုအနေနဲ့ လုပ်ဆောင်သွားမယ့် ရွေးကောက်ပွဲအတွက် သန်ခေါင်းစာရင်းကောက်ယူပေးနေကြတဲ့ Non CDM ဝန်ထမ်းတွေထဲ စစ်ကောင်စီရဲ့ ဖိအားပေးခိုင်းစေခံရသူတွေအပြင် ကိုယ်တိုင်ကိုယ်ကျ စိတ်ရောကိုယ်ပါ ပါဝင်နေသူတွေလည်းရှိတယ်လို့ လောင်းလုံး ပကဖ က ပြောပါတယ်။
“မတရား ဖိအားပေးခံရတာကတော့ အားလုံးလိုလိုပါပဲ။ ဒီထဲကမှ တချို့ကျတော့လည်း လွန်ဆန်ပြီး မပါ၀င်ကြဘူး။ တချို့ကျတော့လည်း စိတ်ရောကိုယ်ပါ ပါ၀င်နေတာတွေ့ရပါတယ်။ လောင်းလုံးမြို့နယ်မှာဆို သန်းခေါင်စာရင်းကောက်ဖို့ သင်တန်းဆင်းထားတာ ၉၆ယောက်ရှိတယ်။ အားလုံးနီးပါးကတော့ မပတ်သက်ချင်ကြတော့တဲ့ သဘောတွေ့ရပါတယ်။ အကြပ်အတည်းကြားက ရှောင်ထွက်လိုကြတဲ့ပုံစံ တွေ့ရတယ်။ ကျနော်တို့ ဒီလိုဖမ်းဆီးပြလိုက်တော့ လောင်းလုံးမြို့ပေါ်မှာ သန်းခေါင်စာရင်းကောက်ယူဖို့ တွန့်ဆုတ်သွားတဲ့သဘောတွေ့ရပါတယ်” လို့ လောင်းလုံးမြို့နယ် ပကဖ ပြန်ကြားရေးတာ၀န်ခံ ကိုရှဲဒိုးက ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတဝန်း သန်းခေါင်စာရင်းကောက်ယူမှုကို အောက်တိုဘာလ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ကောက်ယူသွားမယ်လို့ ကြေညာထားတာ ဖြစ်ပါတယ်။
ပုံစာ – ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေရဲ့သက်သေခံပစ္စည်းများ