မွန်ပြည်သစ်ပါတီဗဟိုလက်အောက်ခံ MNLA တပ်ရင်း(၅) NMSP-ADထံပူးပေါင်း

by

in

မွန်ပြည်သစ်ပါတီဗဟိုလက်အောက်ခံ MNLA တပ်ရင်း(၅) NMSP-ADထံပူးပေါင်း
ဂျူချန်း

မဇ္ဈိမ။ ။ မွန်ပြည်သစ်ပါတီဗဟို လက်အောက်ခံ မွန်အမျိုးသားလွတ်မြောက်ရေးတပ်(MNLA) အမှတ်(၅)တပ်ရင်းတခုလုံး မွန်ပြည်သစ်ပါတီ – စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD)ထံ ပူးပေါင်းလာကြောင်း NMSP-AD ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က မဇ္ဈိမကို ပြောသည်။
ဘုရားသုံးဆူမြို့အခြေစိုက် MNLA အမှတ်(၅)တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး နိုင်ဗွတ်မွန် ဦးစီးသည့် အဖွဲ့သည်အောက်တိုဘာလ ၆ရက်နေ့တွင် လာရောက်ပူးပေါင်းခြင်းဟု နိုင်ဗညားမွန်ကယနေ့(အောက်တိုဘာလ၈ရက်) နံနက်ပိုင်း၌ ပြောသည်။
“မှန်ပါတယ်။ ၆ ရက်နေ့တုန်းက တပ်ရင်း(၅)ကကျနော်တို့ဆီ လာပေါင်းခဲ့တာပါ။ တပ်ရင်းတခုလုံးပါ။ လောလောဆယ် ဒီလောက်ပဲ ပြောလို့ရပါသေးတယ်” ဟု နိုင်ဗညားမွန်က ပြောသည်။
MNLA အမှတ်(၅)တပ်ရင်း သည် ဘုရားသုံးဆူမြို့နယ်အတွင်း ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ ဂျပန်ရေတွင်း၊ ခလောက်ခနီ၊ ဗလးဒူးဖိုက်၊ ဆင်တဲ စသည့် ဒေသများ၌ အခြေစိုက်လှုပ်ရှားသည်။ အဖွဲ့ဝင်အင်အား ၅၀၀ ခန့်ရှိနိုင်ကြောင်းမွန်ပြည်သစ်ပါတီဗဟိုနှင့်ရော NMSP-ADဖြင့်ပါ နီးစပ်သူတဦးထံမှ သိရသည်။
“ဂျပန်ရေတွင်းက တပ်တခုတည်းမှာတင် အင်အား ရာဂဏန်းရှိတယ်။ ဂျပန်ရေတွင်းက တပ်မှာ အင်အားနည်းတာမှမဟုတ်တာ။ တပ်ရင်းတခုလုံးဆို ၅၀၀ လောက်တော့ ရှိနိုင်တယ်။ နောက်ပြီး အဲ့ဒီနေရာတွေက နယ်စပ်ထွက်ပေါက်တွေ” ဟု ၎င်းက ပြောသည်။
မွန်ပြည်သစ်ပါတီဗဟိုလက်အောက်တွင် စုစုပေါင်းတပ်ရင်း ငါးရင်းရှိသည်။ မော်လမြိုင်ခရိုင်တပ်ရင်း(၁) သည် မွန်ပြည်သစ်ပါတီ -စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD)အဖြစ် ပြီးခဲ့သည့် ဖေဖော်ဝါရီလက ခွဲထွက်ခဲ့သည်။ ဘုရားသုံးဆူမြို့အခြေစိုက် တပ်ရင်း(၅) မှလည်း NMSP-AD နှင့်ပူးပေါင်းလိုက်သဖြင့် လက်ရှိတွင် မွန်ပြည်သစ်ပါတီ(ဗဟို) လက်အောက်တွင် ထားဝယ်ခရိုင်တပ်ရင်း(၂)၊ သထုံခရိုင်တပ်ရင်း(၄) နှင့် ရေးခရိုင်တပ်ရင်း(၇) စသည့်တပ်ရင်း သုံးရင်းသာ ကျန်ရှိတော့သည်။
MNLA အမှတ်(၅)တပ်ရင်း ယခုကဲ့သို့ပူးပေါင်းသွားပြီးနောက် နယ်မြေခွဲဝေရေးနှင့်ပတ်သက်၍ မွန်ပြည်သစ်ပါတီဗဟိုနှင့် NMSP-AD ကြားအသေးစိတ်ဆွေးနွေးတိုင်ပင်နေကြကြောင်း နီးစပ်သူများထံမှ သိရသည်။
“ဗဟိုကတော့ နယ်မြေတွေကိုပေးဖို့ သဘောမတူချင်ဘူးလို့ ကြားတယ်။ သေတော့မသေချာသေးဘူး” ဟု နီးစပ်သူတဦးက ပြောသည်။
မွန်ပြည်သစ်ပါတီ(NMSP) ဗဟိုမှက ထိပ်ပိုင်းခေါင်းဆောင်အချို့သည် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်(NCA)လမ်းကြောင်းဆက်လက်ကိုင်စွဲထားပြီး စစ်ကောင်စီနှင့် ဆွေးနွေးမှုများရှိနေသည်။ ထို့ကြောင့် ပါတီအထွေထွေအတွင်းရေးမှူး နိုင်ဇေယျ၊ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စလွန်းထော၊ ဗဟိုကော်မတီဝင် နိုင်ဗညားလယ်တို့ ဦးဆောင်ပြီး စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရန် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)အဖွဲ့ NMSP-AD အမည်ဖြင့် မိခင်ပါတီမှ ခွဲထွက်ခဲ့ခြင်းဖြစ်သည်။
ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် NMSP-AD နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် ဦးဆောင်သည့်အဖွဲ့တို့သည် တော်လှန်ရေးလုပ်ငန်းစဉ်များ လက်တွဲဆောင်ရွက်နိုင်ရေးအတွက် အွန်လိုင်းမှတဆင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ အလားတူ စစ်အာဏာရှင်နှင့် အာဏာရှင်စနစ်ကို ပူးပေါင်းတိုက်ဖျက်ရန်၊နိုင်ငံရေးနှင့်စစ်ရေးလုပ်ငန်းအချို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း NMSP-AD၊ မွန်ပြည်နယ်တောင်ပိုင်းတွင် စစ်ရေးလှုပ်ရှားနေသည့် မွန်ပြည်တော်လှန်တပ်(MSRF)၊ မွန်ပြည်ကာကွယ်ရေးတပ်(MSDF) နှင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)တို့က ဧပြီ ၇ ရက်နေ့တွင် ပူးတွဲကြေညာခဲ့သည်။
ယင်းအပြင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နှင့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တို့တွင် NMSP-ADနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ် PDF များပူးပေါင်းကာ စစ်ရေးဖော်ဆောင်လျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် NMSP-AD အနေဖြင့် ကြာအင်းဆိပ်ကြီး၊ ကျိုက်မရော၊ မုဒုံနှင့် မော်လမြိုင်၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်တို့၌ စစ်ဒေသလေးခုခွဲကာ စစ်ရေးလှုပ်ရှားလျက်ရှိကြောင်း နိုင်ဗညားမွန်ကပြောသည်။
MNLA တပ်ရင်း(၅)သည် NMSP-ADထံ ပူးပေါင်းသွားခြင်းနှင့်ပတ်သက်၍မွန်ပြည်သစ်ပါတီဗဟို ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးထံ မဇ္ဈိမမှ ယနေ့ မွန်းလွဲပိုင်းတွင် ဆက်သွယ်မေးမြန်းရန်ကြိုးစားသော်လည်း အဆက်အသွယ်မရရှိသေးပေ။ MNLA တပ်ရင်း(၅)တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး နိုင်ဗွတ်မွန်ထံသို့လည်း ဆက်သွယ်မေးမြန်းရန်ကြိုးစားနေဆဲဖြစ်သည်။
စာတည်း – အေးချမ်း
ပုံအညွှန်း- မွန်ပြည်သစ်ပါတီ (AD) တပ်ဖွဲ့ဝင်များ/မွန်ပြည်သစ်ပါတီ (ဗဟို) တပ်ဖွဲ့ဝင်များ