ပင်လည်ဘူးမြို့ကို သိမ်းပိုက်ပြီးနောက် စစ်တပ်စခန်းအတွင်းမှ ဘိန်းဖြူနှင့်မူးယစ်ဆေးဝါးများ သိမ်းဆည်းရရှိ၊ အညံ့ခံ သော စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို ဝန်းသိုမြို့ဘက်သို့ ဆုတ်ခွာခွင့်ပေးခဲ့ပြီး တိုက်ပွဲတွင် ဖမ်းမိသော စစ်သုံ့ပန်းများလည်းရှိ

by

in

ပင်လည်ဘူးမြို့ကို သိမ်းပိုက်ပြီးနောက် စစ်တပ်စခန်းအတွင်းမှ ဘိန်းဖြူနှင့်မူးယစ်ဆေးဝါးများ သိမ်းဆည်းရရှိ၊ အညံ့ခံ သော စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို ဝန်းသိုမြို့ဘက်သို့ ဆုတ်ခွာခွင့်ပေးခဲ့ပြီး တိုက်ပွဲတွင် ဖမ်းမိသော စစ်သုံ့ပန်းများလည်းရှိ
ရန်ကုန်၊ အောက်တိုဘာ ၉
စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ကို KIA ၊ PDF ပူးပေါင်းတော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိပြီးနောက် စစ်ကောင်စီတပ်စခန်းများအတွင်းမှ ဘိန်းဖြူနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရရှိကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။
ယမန်နေ့ အောက်တိုဘာလ ၈ ရက်နေ့ နံနက်အစောပိုင်းတွင် ပင်လည်ဘူးမြို့ကို KIA နှင့် PDF ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲကို ဩဂုတ်လ ၁၅ ရက်နေ့တွင် စတင်ခဲ့ပြီး ၂ လနီးပါး ကြာမြင့်လာချိန်တွင် ပင်လည်ဘူးမြို့တစ်ခုလုံးကို တိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ လွန်ခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းတွင်လည်း ပင်လည်ဘူးမြို့ကို KIAနှင့် PDF ပူးပေါင်းတပ်များက ပထမအကြိမ်အဖြစ် တိုက်ခိုက်သိမ်းခဲ့ပြီး ရက်ပိုင်းခန့်အကြာတွင် စစ်ကောင် စီက အပြင်းအထန် ထိုးစစ်ဆင်သဖြင့် တော်လှန်ရေး တပ်များက ပြန်လည် ဆုတ်ခွာပေးခဲ့ကြောင်း၊ ယခု ဒုတိယအကြိမ် သိမ်းပိုက်မှုတွင် စစ်ကောင်စီတပ်စခန်းများအတွင်းမှ မူးယစ်ဆေးဝါးနှင့် ဘိန်းဖြူများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
“မနေ့က မြို့သိမ်းပြီးတော့ စစ်ကောင်စီတပ်စခန်းအတွင်းကနေ ဘိန်းဖြူနဲ့ မူးယစ်ဆေးဝါး ဆပ်ပြာခွက် ၇၀ ကျော် သိမ်းဆည်းရရှိတယ်။ ဒီကောင်တွေ သုံးနေတဲ့ဟာတွေလို့ ပြောလို့ရတယ်” ဟု စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် မိသားစု စုစုပေါင်း ၃၀၀ ဝန်းကျင် လက်နက်ချ အညံ့ခံခဲ့ပြီး လက် နက်များကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ဖမ်းဆီးရရှိသော စစ်သုံ့ပန်း တချို့လည်းရှိနေကြောင်း သိရှိရသည်။
“မြို့မရဲစခန်း၊ အာရှဘဏ်ကုန်းနဲ့ တောရကျောင်းဘက်မှာ တပ်စွဲထားတဲ့ စစ်တပ်က လက်နက်ချတာ။ အဲဒါတွေကို ဝန်းသိုဘက်ကို ပြန်ဆုတ်ခွင့်ပေးတယ်။ တိုက်ပွဲထဲမှာ ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေလည်းရှိတယ်။ အဲဒါတွေက စစ်ကူလာတဲ့စစ်ကြောင်းတွေကို ကြားဖြတ်တိုက်ရင်း မိတာလို့ သိရတယ်။ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာကတော့ အရမ်းများတယ်” ဟု စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
လက်ရှိတွင် စစ်တပ်က ပင်လည်ဘူးမြို့ကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေပြီး တော်လှန်ရေးတပ်များက လိုအပ်သော နယ်မြေရှင်းလင်းမှုများနှင့် လုံခြုံရေး အစီအမံများကို လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ- ယမန်နေ့ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် ဖမ်းဆီးရရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်းတချို့။