မြန်မာ့ပြည်တွင်းရေး ဒေသတွင်းနိုင်ငံများဝင်ရောက်စွက်ဖက်မှု ထင်ထားသည့်ထက်ပိုဟု NUG ယာယီသမ္မတပြော

by

in

မြန်မာ့ပြည်တွင်းရေး ဒေသတွင်းနိုင်ငံများဝင်ရောက်စွက်ဖက်မှု ထင်ထားသည့်ထက်ပိုဟု NUG ယာယီသမ္မတပြော
ဟန်နွေ/People’s Spring
မြန်မာ့ပြည်တွင်းရေးကို ဒေသတွင်းနိုင်ငံများ၏ ဝင်ရောက်စွက်ဖက်မှုထင်ထားသည်ထက်ပိုမိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။
ယနေ့ (အောက်တိုဘာ ၈ရက်)က ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေး၌ ယခုကဲ့သို့ အလေးထား ပြောကြားခြင်းဖြစ်သည်။
တရုတ်နိုင်ငံက စစ်ကောင်စီတပ် အားပေးထောက်ခံကြောင်းတိုင်းရင်းသား တပ်ဖွဲ့များနှင့် တွေ့ဆုံစဉ်တရုတ်ကိုယ်စားလှယ်ကဆွေးနွေးခဲ့သည့် အစည်းအဝေး မှတ်တမ်းပေါ်ထွက်လာသည့် အခြေအနေတွင် ယာယီသမ္မတက ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
” ကျွန်တော်တိုအားလုံး သိထားပြီးဖြစ်တဲ့အတိုင်း လက်ရှိ ပြည်တွင်းရေးကိစ္စအပေါ်မှာ ဒေသတွင်း နိုင်ငံတွေရဲ့ ဝင်ရောက်စွက်ဖက်မှုက ထင်ထားတာထက် ပိုပြီး ထဲထဲဝင်ဝင် ဖြစ်လာတာ တွေ့ရတယ်။ ဒေသတွင်းနိုင်ငံတွေဟာ လောလောဆယ်အားဖြင့် ပြည်တွင်းက လတ်တလောဖြစ်ရပ်တွေကို ကြည့်ပြီး ဒေသတွင်း တည်ငြိမ်ရေးကို ရနိုင်သလောက် ထိန်းဖို ကြိုးစားတယ်လို ကျွန်တော်မြင်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။
လက်ရှိဖြစ်ရပ်များသည် နိုင်ငံအတွင်း လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက အမြစ်တွက်ပြီး ပံ့ပိုးလာသည့် စစ်အာဏာရှင်စရိုက်များ၏ စုပြုံအကျိုးပေးမှုကြောင့် ဖြစ်သည်ဟုလည်း ယာယီသမ္မတက ပြောသည်။
” အတိတ်က အမြစ်စွဲနေတဲ့ စနစ်ဆိုး၊ စရိုက်ဆိုးကြောင့် ဖြစ်တဲ့ အခြေအနေတွေကို ကုစားရာမှာ နိုင်ငံရေးဆေးမြီးတိုတွေနဲ့ ဖြေရှင်းလို မရဘူးဆိုတာ ကျွန်တော်တို့ ပြောဖိုလိုပါတယ်။ ဒေသတွင်းနိုင်ငံတွေကို ဒီသတင်းမက်ဆေ့ချ်ကို ရောက်အောင် ပိုနိုင်ဖို လိုပါတယ်။ အခု ဒေသတွင်းနိုင်ငံ တွေရဲ့ တုံပြန်ချက်တွေဟာ ရေတိုသဘောထက် ရေရှည်သဘောကို သွားနိုင်ဖို လိုပါတယ်”ဟုလည်းယာယီသမ္မတက ပြောကြားသည်။
တရုတ်သည် စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို စာပို့ခြိမ်းခြောက်ခြင်း၊ စစ်ပွဲရပ်ရန် ဖိအားပေးခြင်းများ ဆက်တိုက်ပြုလုပ်ခဲ့သည်။
တရုတ်အစိုးရသည် တအာင်းတပ်(TNLA)ကိုစစ်ပွဲချက်ချင်းရပ်ရန်နှင့် မရပ်ပါက ကြောက်ရွံ့ကျိုးနွံနှင့်ဆုံးမသွန်သင် နည်းလမ်းများအသုံးပြုမည်ဟု ခြိမ်းခြောက်ခဲ့သည်။
တအာင်းတပ်မတော်(TNLA)က တရုတ်၏ ဖိအားပေးမှုကို လက်မခံဘဲစစ်ကောင်စီတပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင်လျက်ရှိသည်။
” ၃ဖွဲ့ထဲက တဖွဲ့ကို သံတမန်စည်းမရှိတဲ့စာနဲ့ဖိအားပေးတာ။ စိန သရုပ်မှန်ပြချင်လို့ အစည်းအဝေးမှတ်တမ်းလိုင်းပေါ်တင်လိုက်တာအားလုံး အမှန်ပါပဲ။”ဟု စာသားပါဝင်သည့် စာစု တစ်ခုကို TNLA အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တားဘုန်းကျော်က ပြီးခဲ့သည့် ရက်ပိုင်းတွင်လူမှုကွန်ရက်၌ ရေးသားဖော်ပြခဲ့သည်။
TNLA သည် စစ်ကောင်စီကို အထိနာအောင်တိုက်ခိုက်နေသည့် ကိုးကန့်တပ်ဖွဲ့(MNDAA)၊ အာရက္ခတပ်တော်(AA) တို့နှင့်အတူညီနောင်သုံးဖွဲ့မဟာမိတ် စုဖွဲမှု ပြုလုပ်ထားသည့် တပ်ဖွဲ့ဖြစ်သည်။
စစ်ရေး၊ နိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်က တရုတ်အစိုးရသည် စစ်ကောင်စီဘက်ကရပ်တည်ပေးနေသည်မှာ ထင်ရှားကြောင်း သုံးသပ်သည်။
” လက်ရှိ ကချင်ပြည်နယ် ၊ ရှမ်းပြည်ရှိ မြို့ကြီးများရှိ စကစတွေကို ထိုးစစ်ဆက်တိုက်တာမရှိသေးတာကိုကြည့်ခြင်းအားဖြင့် မြောက်ပိုင်းမဟာမိတ်များဖြစ်တဲ့ KIA ၊ MNDAA ၊ TNLA ၊ AA နဲ့ UWSA အဖွဲ့တွေအားလုံးကို တရုတ်အစိုးရက စကစဘက်ကနေရပ်တည်ပေးပြီး ဖိအားပေးနေတယ်လို့ သုံးသပ်ပါတယ် ။ပထဝီဝင်အနေအထားအရ နိုင်ငံရေး ၊ စစ်ရေး ၊ စီးပွါးရေးနဲ့ အခြား အခြေခံလူမှုဖူလုံရေးတွေက်ုပါ တရုတ်အစိုးရက မသိမသာ ပိတ်ဆို့ထားတယ်ဆိုတာ ထင်ရှားနေပါတယ် ။ အောက်ပြည်က ကုန်စည်ကို စကစကလမ်းကြောင်းတွေ ကို အတတ်နိုင်ဆုံး အစွမ်းကုန် စီစစ်ကာ ပိတ်ထားပြီး နယ်စပ်ဘက်ကို တရုတ်က ပြန်ပြီးဖိအားပေးအကြပ်ကိုင်နေတာတွေ့နေရပါတယ်”ဟု ဦးဇော်ဆန်က ပြောသည်။
ယာယီသမ္မတ၏ ယနေ့ အစိုးရအဖွဲ့အစည်းအဝေးမိန့်ခွန်းတွင် စစ်ကောင်စီ လုပ်ဆောင်ရန်ကြိုးစားနေသည့် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီးထည့်သွင်းပြောကြားခဲ့သည်။
အာဏာရှင်များသည် ရွေးကောက်ပွဲကို အသုံးချပြီး ၎င်းတို့ အာဏာတည်မြဲရေးအတွက် တရားဝင်ဖြစ်မှု ဆိုကိုတည်ဆောက်သည်ကိုတွေ့ရကြောင်းယာယီသမ္မတက ပြောသည်။
” တစ်ဖက်မှာလည်း ဒီမိုကရေစီ “မည်ကာမတ္တ” လို ပြောရလောက်မယ့် “ရွေးကောက်ပွဲဒီမိုကရေစီ” လောက်နဲ့ လူထုကို ရောင့်ရဲတင်းတိမ်ခိုင်းတာတွေ့ရပါတယ်”ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။
မြန်မာနိုင်ငံသည် တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီကို ရောက်အောင်သွားရန် လိုအပ်သည်ဟုလည်း ယာယီသမ္မတက ပြောသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကလည်း မိန့်ခွန်းပြောကြားခဲ့ရာ စစ်အုပ်စုက ၎င်းလုပ်နိုင်သမျှ အစွမ်းကုန်လုပ်ဆောင်နေပြီဖြစ်၍ အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် တော်လှန်ရေးအင်အားစုများ အားလုံးက လုပ်သင့်လုပ်ထိုက်သည်များကိုခပ်မြန်မြန် လုပ်ရန် သတိပေးသည်။
” စစ်ရေးအရှိန်အားကောင်းမှုဟာ နိုင်ငံတကာ ဆက်ဆံရေးဘက်က အရွေ့တွေ ပိုမိုအား ကောင်း‌ရေးအတွက် အထောက်အပံ့ဖြစ်စေသလို မဟာမိတ်တော်လှန်ရေးအင်အားစုများနဲ့ နိုင်ငံရေးအရ ဆွေးနွေးမှုတွေအတွက်လည်း ပိုမိုထိရောက်စေမယ့် အချက်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် စစ်ရေးကဏ္ဍဘက်ကို အထူးအားစိုက်ကြရမှာ ဖြစ်သလို တစ်ပြိုင်နက် စဥ်းစားစီမံ နေကြရမယ့် ကိစ္စတွေလည်း ရှိပါသေးတယ်။ ဒါကြောင့် ကျွန်တော်တို့ အမျိုးသားညီညွတ် ရေးအစိုးရအနေနဲ့ ပြင်ဆင်ထားသင့်တဲ့ နိုင်ငံရေးအရွေ့တွေကိုလည်း နည်းမှန်လမ်းမှန်ဖြစ် အောင် တော်လှန်ရေးအတွက် ထိရောက်မှုရှိအောင် ဝိုင်းဝန်းဆွေးနွေးပြီး ပြုပြင်သင့်တာ ပြုပြင်၊ ပြင်ဆင်သင့်တာ ပြင်ဆင်ကြရမယ့်အချိန်လည်း ဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားသည်။