သပိတ်ကျင်းရှိ ခလရ ၁၄၈ တပ်ရင်းနှင့် စစ်စခန်း ၅ ခုကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်၊ သပိတ်ကျင်းတွင် စစ်တပ်ကင်းစင်နယ်မြေဖြစ်ရန် စစ်သင်တန်းကျောင်း ၂ ခုနှင့် လက်ရုံးတပ် ၁ ခု သာကျန်ရှိတော့

by

in

သပိတ်ကျင်းရှိ ခလရ ၁၄၈ တပ်ရင်းနှင့် စစ်စခန်း ၅ ခုကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်၊ သပိတ်ကျင်းတွင် စစ်တပ်ကင်းစင်နယ်မြေဖြစ်ရန် စစ်သင်တန်းကျောင်း ၂ ခုနှင့် လက်ရုံးတပ် ၁ ခု သာကျန်ရှိတော့
ရန်ကုန်၊ ဩဂုတ် ၁၀

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ-၁၄၈ တပ်ရင်းနှင့် စစ်တပ်စခန်း ၅ ခုကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များ၏ ထုတ်ပြန်ချက်နှင့် ပြောဆိုချက်များအရ သိရှိရသည်။
ဩဂုတ်လ ၉ ရက်နေ့ ညနေ ၅ နာရီခန့်အချိန် TNLA နှင့် မိုးကုတ် ဗျူဟာ အပါအဝင် မဟာမိတ် ပူးပေါင်း တပ်ဖွဲ့ဝင်များက အကြမ်းဖက် စစ်တပ်၏ အမှတ် ၁၄၈ ခြေလျင်တပ်ရင်းကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်း ဆည်းနိုင်ခဲ့ကြောင်း သိရသည်။
“ခလရ-၁၄၈ တပ်ရင်းကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှုနဲ့ စစ်ခွေး သေစာရင်းကိုတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ထုတ်ပြန်ပါလိမ့်မယ်” ဟု ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
အလားတူ သပိတ်ကျင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၅ ရွာတွင် တပ်စွဲထားသော စစ်တပ်၏ တပ်စခန်း ၅ ခုကိုလည်း အပြီး သတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က သတင်းထုတ်ပြန်သည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က သပိတ်ကျင်းမြို့နယ်အတွင်းရှိ ကွင်း ၃၀ ရွာ တပ်စခန်း ၊ လက်ပံပြန့်ရွာ တပ်စခန်း ၊ ဖိုကုန်း တပ်စခန်း ၊ ဝက်သေရွာ တပ်စခန်း နှင့် ဖက်ရှည်ရွာ တပ်စခန်းတို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ထို့ပြင် သပိတ်ကျင်းမြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က သတ်မှတ်ထားသော စစ်ရေးပစ်မှတ်များကိုလည်း ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။
သပိတ်ကျင်းမြို့နယ်တွင် ခလရ ၁၄၈ ၊ အမှတ် ၁ သုတေသန တပ်ရင်း၊ အမှတ် ၂၀ စစ်ဆေးရုံ ကုတင် ၁၀၀ ၊ စစ်ကောင်စီ၏ တန်းမြင့်လေ့ကျင့်ရေးကျောင်း(တတက-၁၃)၊ အမှတ် ၂ စစ်အခြေခံ လေ့ကျင့်ရေးတပ်(စခတ-၂) တပ်များရှိပြီး တော်လှန်ရေးတပ်များက သိမ်းပိုက်လိုက်သော ခလရ ၁၄၈ သည် ခြေလျင်တပ်ရင်းနှင့် အကြီးတပ်ရင်းဖြစ်ကြောင်း၊ သပိတ်ကျင်းတွင် စစ်တပ် ကင်းစင်နယ်မြေဖြစ်ရန် စစ်သင်တန်းကျောင်း ၂ ခုနှင့် လက်ရုံးတပ်တစ်ခုသာ ကျန်ရှိတော့ကြောင်း သိရှိရသည်။