ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့် ဒုရဲအုပ် ချယ်ရီထက် ထပ်မံချုပ်နှောင်ခံထားရ

by

in

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့် ဒုရဲအုပ် ချယ်ရီထက် ထပ်မံချုပ်နှောင်ခံထားရ
~~~
■ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့် ဒုရဲအုပ် ချယ်ရီထက်ဟာ လွတ်ရက်စေ့ပေမဲ့ ဆက်ပြီး ထိန်းသိမ်းခံထားရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
ဒုရဲအုပ် ချယ်ရီထက်ဟာ အချုပ်ထောင်လျှော့ရက်နဲ့ ဩဂုတ်လ ၉ ရက်နေ့ ဒီနေ့မှာ ရမည်းသင်းထောင်ကနေ လွတ်မြောက်လာမှာ ဖြစ်ပေမဲ့ နောက်ထပ် ၁၁ ရက် ထပ်မံ ချုပ်နှောင်ခံထားရတယ်လို့ ဆိုပါတယ်။
ဒီနေ့ လွတ်လာမှာ ဖြစ်တာကြောင့် မိသားစုဝင်တွေ အကျဉ်းထောင်ရှေ့ သွားရောက်စောင့်ဆိုင်းခဲ့ပေမဲ့ ချယ်ရီထက် လွတ်မြောက်လာတာ မရှိဘူးလို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
“ပထမက ဒီနေ့ လွတ်ဖို့ရှိတယ်။ ဒါပေမဲ့ သူတို့ ဟိုက (အကျဉ်းထောင်ဘက်က) သဘောမတူလို့ နောက်ထပ် ၁၁ ရက်ကျန်တယ်။ အဲဒါပြီးမှ လွတ်မယ်လို့ ကြားတယ်”
ဒုရဲအုပ် ချယ်ရီထက်ဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့မှာ ဖမ်းဆီးခံရပြီးနောက် ရဲစည်းကမ်းထိန်းသိမ်းရေး အက်ဥပဒေနဲ့ ထောင် နှစ်နှစ်၊ ဆူပူလှုံ့ဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ ထောင် သုံးနှစ် ချမှတ်ခံခဲ့ရတာပါ။
ဒီနေ့မှာ လျှော့ရက်နဲ့ ပြန်လွတ်လာမဲ့ ဒုရဲအုပ် ချယ်ရီထက်ကို ထောင်အာဏာပိုင်တွေက ၁၁ ရက် ထပ်ချုပ်နှောင်ထားတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာန ပြောခွင့်ရသူ ဒုညွှန်ကြားရေးမှူးချုပ်ရုံးကို RFA က ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ဒုရဲအုပ် ချယ်ရီထက်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ် အာဏာသိမ်းတဲ့နေ့အထိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို တာဝန်ယူခဲ့သူဖြစ်ပြီး သူ့ကို စက်တင်ဘာလ ၂၁ ရက်နေ့အထိ နေအိမ် အကျယ်ချုပ်နဲ့ စောင့်ကြည့်ခဲ့ပြီးနောက်မှာ ဖမ်းဆီးထောင်ချခံရတာပါ။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၇ ရက် ထုတ်ပြန်ချက်တွေအရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း လူနှစ်သောင်းကျော် (၂၀,၇၂၄ ဦး) ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ပြီး အဲဒီအထဲက ၉,၃၁၄ ဦး ထောင်ချခံထားရပါတယ်။
_________
ဒေါ်အောင်ဆန်းစုကြည်၏ သက်တော်စောင့် ဒုရဲအုပ် ချယ်ရီထက်ကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ တွေ့ရစဉ်။ (Photo: Myanmar State Counsellor Office)
#ဒုရဲအုပ်ချယ်ရီထက် #ချုပ်နှောင်ခံရ #လွတ်လပ်တဲ့အာရှအသံ #rfaburmese