ယခင် မန္တလေးတိုင်းဝန်ကြီးချုပ်၏ ဧက ၅,၀၀၀ ကျော် ရွှေတွင်းကြီး MDY-PDF သိမ်းပိုက်

by

in

ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က ဝင်ရောင်စီးနင်းလိုက်သည့် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် ဖယောင်းတောင်ရွှေတွင်းသည် အာဏာသိမ်းစစ်ကောင်စီခန့် မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဦးမောင်ကို ပိုင်သည့် အကြီးစား ရွှေတူးဖော်ရေးလုပ်ငန်းဖြစ်ကြောင်း သိရသည်။

xr:d:DAF3DaSC_Bk:59,j:5604018034551385511,t:24010206

မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY-PDF) က ဩဂုတ်လ ၆ ရက်တွင် ဝင်ရောက်စီးနင်းလိုက်သည့် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်ရှိ ဧကထောင်ချီကျယ်ဝန်းသော ဖယောင်းတောင်ရွှေတွင်းသည် အာဏာသိမ်းစစ်ကောင်စီခန့် မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဦးမောင်ကို ပိုင်သည့် အကြီးစား ရွှေတူးဖော်ရေးလုပ်ငန်းဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့ ၏အရှေ့မြောက်ဘက် ၁၄ မိုင်အကွာတွင် တည်ရှိသော ထိုရွှေတွင်းကို စစ်ကောင်စီလက်အောက်ခံ အမှတ် (၂) သတ္တုတွင်းလုပ်ငန်းနှင့် ဦးမောင်ကိုပိုင် Myanmar Golden Point Family ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းလုပ်ကိုင်နေခြင်းဖြစ်သည်။

ဤရွှေတွင်းကြီးသည် ဧက ၅,၄၀၀ ကျယ်ဝန်းပြီး ရွှေနှင့် သတ္ထုရောရာ စုစုပေါင်း ခန့်မှန်ခြေ သတ္တုတန်ချိန် တန် ၄၇,၀၀၀ ထွက်နိုင်သည်ဟု သိရှိရသည်။

ပုသိမ်ကြီးမြို့နယ်ရှိ စစ်ကောင်စီအခြေစိုက်စခန်းများကို ဝင်ရောက်သိမ်းပိုက်နေသော မန္တလေး PDF အဖွဲ့များက ပြီးခဲ့သည့် ဇူလိုင်လလယ်ကလည်း ထိုမြို့တွင်ပင် တည်ရှိသည့် တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတစ်ခုဖြစ်သော Alpha ဘိလပ်မြေစက်ရုံကိုလည်း ဝင်ရောက်သိမ်းပိုက်ခဲ့သည်။ လက်ရှိတွင် ထိုစက်ရုံ၌ PDF အဖွဲ့ဝင်များ ဆက်လက် တပ်စွဲထားသည်။

ရွှေတွင်းအနီးတစ်ဝိုက်တွင် အင်အား ၃၀ ဝန်းကျင်ဖြင့် တပ်စွဲထားသည့် စစ်ကောင်စီစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်သားများ ထွက်ပြေးတိမ်းရှောင်သွားကြောင်း၊ ထို့နောက် ၎င်းတို့က ရွှေတွင်းကို ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖယောင်းတောင်ရွှေတွင်းစီမံကိန်းအခြေအနေကို သိရှိသူ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။

MDY-PDF က မြေပြင်မှ ထိန်းချုပ်မောင်းနှင်ရသည့် ဝေဟင်ပျံဒရုန်းဖြင့် ပေါက်ကွဲစေသော ဗုံးသီးချကာ ရွှေတွင်းအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ခဲ့ကြောင်း၊ ဖြစ်စဉ်တွင် စစ်ကောင်စီတပ်သားတချို့ အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စခန်းကို စွန့်ခွာသွားခြင်းဖြစ်သည်ဟု ထိုအမျိုးသားက ပြောသည်။

“(စစ်ကောင်စီတပ်) က စက်ရုံထဲမှာ မစောင့်ဘူးပေါ့။ အဲ့ဒီတောင်စောင်းမှာ ယမ်းတွေသိုလှောင်ထားတဲ့ အဆောက်အအုံတွေရှိတယ်ပေါ့။ ယမ်းတိုက်ပေါ့ ဗိုလ်လေး (အရာရှိငယ်) ဦးဆောင်ပြီးတော့ အဲ့ဒီကို အစောင့်လာထားတာရှိတယ် တပ်စိတ်တစ်စိတ်ပေါ့ အခုတော့မရှိတော့ဘူး”

ထိုတိုက်ခိုက်မှုအပြီး ဩဂုတ် ၆ ရက် ညတွင် ဖယောင်းတောင်ရွာကို စစ်ကောင်စီလေတပ်က လေကြောင်းမှ တိုက်ခိုက်ရာ ပြည်သူ ၇ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရှိသူများလည်းရှိသည်ဟု MDY-PDF က ဩဂုတ် ၇ တွင် သတင်းထုတ်ပြန်ခဲ့သည်။

လေတပ်က ဗုံးကြဲတိုက်ခိုက်ခြင်းအပြင် ပုသိမ်ကြီးမြို့နယ် ထီးတော်မိုးကျေးရွာတွင် အထိုင်ချထားသည့် စခန်းကလည်း ဖယောင်းတောင်ဒေသတစ်ဝိုက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ရွှေတွင်းကို စီးနင်းထားမှုနှင့်ပတ်သက်၍ MDY-PDF က သတင်းမထုတ်ပြန်သေးပေ။

ထိုရွှေလုပ်ကွက်အတွင်း ဝန်ထမ်းနှင့် မိသားစုဝင်ပေါင်း ၃၀၀ ဝန်းကျင်ရှိသည့်အနက် ရွှေတူးဖော်လုပ်ငန်းခွင်အတွင်း လူ ၁၀၀ ကျော် ဆက်လက်ကျန်ရှိနေဆဲဖြစ်ရာ ၎င်းတို့က ထိုနေရာတွင် ပိတ်မိနေပြီး ထွက်ခွာခွင့်ရရန် ကြိုးစားနေသည်ဟု အမည်မဖော်လိုသူ Myanmar Golden Point Family ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးကလည်း ဩဂုတ် ၈ တွင် ပြောသည်။

“ကျွန်တော်တို့ နည်းနည်းချင်းတော့ ကယ်ထုတ်နေပါတယ်ခင်ဗျာ။ ကျွန်တော်တို့ သိသလောက်တော့ (တိုက်ပွဲတွေက) ပြဿနာတက်ပြီးကတည်းက ပြီးသွားတာပါပဲဗျ။ ထွေထွေထူးထူးတော့ ထိတွေ့မှုတွေဖြစ်တယ်လို့တော့ ထပ်မကြားဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဖုန်းလိုင်းတွေကလည်း ပြတ်နေတယ်” ဟု ၎င်းက ဆိုသည်။

ဖယောင်းတောင်ရွှေတွင်းကို အမှတ် (၂) သတ္ထုတွင်းလုပ်ငန်းက ၁၉၉၆ မှ ၁၉၉၈ အထိ လုပ်ကိုင်ခဲ့သည်။ ထို့နောက် ဦးမောင်ကို၏ Myanmar Golden Point Family ကုမ္ပဏီနှင့် အမှတ် (၂) သတ္ထုတွင်းလုပ်ငန်းတို့ အကျိုးတူဖက်စပ်စာချုပ် ချုပ်ဆို၍ အကြိမ်ကြိမ်သက်တမ်းတိုးကာ၂၅ နှစ်ကြာ တူးဖော်ခဲ့ပြီးဖြစ်သည်။ နောက်ထပ် ၅ နှစ် ထပ်မံသက်တမ်းတိုးခွင့်ရထားသည်။

ထိုလုပ်ငန်းခွင်အတွင်း တစ်ရက်လျှင် သတ္တုရိုင်းတန်ချိန် ၁၂၀ ခန့်တူးဖော်ပြီး အမှုန့်ကြိတ်ကာ ဆာရာနိုက်ဓာတ်ဆေးဖြင့် ရွှေဖမ်းခြင်း၊ ကာဗွန်ဖြင့် ရွှေသန့်စင်ထုတ်လုပ်ရာ တစ်လလျှင် ရွှေတစ်ပိဿာကျော် ထွက်သည်ဟု ၂၀၂၃ နှစ်ဆန်းတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနထံ တင်ပြသည့် ကုမ္ပဏီ၏ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြသည်။

ရွှေထုတ်လုပ်မှုကာလတွင် မြေတစ်စတုရန်းကီလိုမီတာ (၃၂၈၉ ပေ ပတ်လည်) အတွက် တစ်နှစ်လျှင် ပုံသေမြေငှားရမ်းခ ကျပ် ၃ သန်း ပေးချေရမည်ဟု သံယဇတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ၂၀၁၉ သက်တမ်းတိုးခွင့်ပြုမိန့်တွင် တွေ့ရသည်။

ကုမ္ပဏီသည် ရွှေထုတ်လုပ်မှု၏ သုံးပုံတစ်ပုံကို အမှတ် (၂) သတ္တုတွင်းလုပ်ငန်းကို ခွဲဝေပေးရသည်။ စစ်အာဏာသိမ်းပြီးနောက် ရွှေဈေးမြင့်တက်လာချိန် အကျိုးအမြတ်များခဲ့ရာမှ ယခုတိုက်ပွဲများကြောင့် ထိခိုက်မှုကြီးမားနိုင်ကြောင်း ထိုလုပ်ငန်းနှင့် နီးစပ်သူများက ပြောသည်။

ရွှေတူးဖော်ခွင့်သက်တမ်းတိုးရန် စီစဉ်နေခြင်း၊ အခြားတည်ဆောက်ရေးလုပ်ငန်းများ လုပ်နေခြင်းတို့ကြောင့် လွန်ခဲ့သည့် တစ်နှစ်ကျော်ကတည်းက ရွှေတူးဖော်မှုများရပ်နားထားသည်ဟုလည်း Myanmar Golden Point Family တာဝန်ရှိသူ အမျိုးသားက ပြောသည်။

လက်ရှိစီပွားရေးအခြေအနေအပြင် အခြေအနေအရပ်ရပ်ကြောင့် စီမံကိန်းပြန်စရန် ခက်ခဲနိုင်သည်ဟုလည်း သူက ဆိုသည်။

“ဒါကြီးတစ်ခုလုံး ပြန်လည်ပတ်ဖို့ဆိုရင် နယ်မြေအေးချမ်းဖို့လည်း လိုတယ်။ ဒီဝန်ထမ်းတွေကရော ဒီလုပ်ကွက်ထဲကို ပြန်လာပြီးတော့ လုပ်ချင်ကြပါ့မလား ယုံကြည်ချက်ရှိပါ့မလား။ မျိုးစုံသော အခြေအနေတွေပေါ်မှာ မူတည်ပြီးတော့ ပစ္စည်းပစ္စယတွေလည်း ပုံမှန်ပြန်ပြီး တင်းသွင်းနိုင်ပြီ လျှပ်စစ်မီတာလည်း ပုံမှန်ပြန်ရပြီဆိုရင်တော့ လုပ်ငန်းလုပ်လို့ရမှာပေါ့”

ထိုရွှေလုပ်ကွက်ပိုင်ရှင်လည်းဖြစ်၊ ရွှေသူဌေးတစ်ဦးအဖြစ် နာမည်ကျော်သည့် ဦးမောင်ကိုသည် အာဏာမသိမ်းမီ ၂၀၂၁ ဇန်နဝါရီတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရက ပေးသည့် ဝဏ္ဏကျော်ထင်ဘွဲ့ရခဲ့သူလည်းဖြစ်သည်။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်တွင် ဦးမောင်ကိုကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သီရိပျံချီဘွဲ့ ပေးခဲ့သည်ကိုလည်း တွေ့ရသည်။

အာဏာသိမ်းပြီးနောက် ဦးမောင်ကိုသည် မန္တလေးတိုင်း စစ်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီး ၂၀၂၃ ဖေဖော်ဝါရီတွင် ဝန်ကြီးချုပ်အဖြစ်မှ အနားပေးခံရသည်။ ဩဂုတ်လတွင် စစ်ကောင်စီအဖွဲ့ဝင်အဖွဲ့အဖြစ်မှ ထပ်မံအနားပေးခံခဲ့ရသည်။

၂၀၂၁ ဒီဇင်ဘာတွင် အမေရိကန်အစိုးရက စစ်ကောင်စီ၏ တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ် ၄ ဦးကို အရေးယူပိတ်ဆို့ရာတွင် ဦးမောင်ကိုလည်း ပိတ်ဆို့မှုစာရင်းတွင် ထည့်သွင်းခံခဲ့ရသည်။

၎င်း၏ ကုမ္ပဏီ၏ ၂၀၂၃ ခုနှစ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအစီရင်ခံစာတွင် ဦးမောင်ကိုနှင့် သူ့ဇနီး ဒေါ်ရွှေဥတို့သည် ဖယောင်းတောင်ရွှေတွင်းတူးဖော်ခွင့်ရ Myanmar Golden Point Family ကုမ္ပဏီတွင် အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းကျော်ပိုင်ဆိုင်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) မှတ်တမ်းကို ထည့်သွင်းဖော်ပြသည်။

ကုမ္ပဏီဒါရိုက်တာစာရင်းတွင် ဦးမောင်ကို၊ ဒေါ်ရွှေဥအပါဝင် စုစုပေါင်းအဖွဲ့ဝင် ၇ ဦးပါဝင်သည်ကို တွေ့ရသည်။

ဦးမောင်ကိုသည် ရွှေတူးဖော်ရေးလုပ်ငန်းအပြင် အခြားစီပွားရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် ထာဝရကုမ္ပဏီအုပ်စု၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။ ထို့ပြင်၂၀၁၈ တွင် ဘဏ်လုပ်ငန်းလိုင်စင်ရရှိခဲ့သည့် G-Bank ခေါ် တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးဘဏ်၏ ရှယ်ယာရှင်လည်း ဖြစ်သည်။

စစ်ခေါင်းဆောင်တည်သည့် နေပြည်တော်ရှိ မာရဝိဇယဘုရားအတွက်လည်း ဦးမောင်ကိုပိုင်ဆိုင်သည့် ထာဝရကုမ္ပဏီနှင့် Myanmar Golden Point Family ကုမ္ပဏီတို့က ကျပ်သိန်း ၇၀၀ လှူဒါန်းကြောင်း ၂၀၂၃ ဇွန်လတွင် စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ယခုနှစ် ဇွန် ၂၅ ရက်မှစတင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းအတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို မြောက်ပိုင်းညီနောင်သုံးဖွဲ့ (အာရက္ခတပ်တော်၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်၊ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်) နှင့် မဟာမိတ် PDF တပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

မန္တလေးတိုင်းအတွင်း ရွှေထွက်ရှိသည့် စဉ့်ကူးမြို့ကို MDY-PDF က တိုက်ခိုက်သိမ်းပိုက်ထားပြီး အခြားရွှေထွက်နှုန်းကောင်းသည့် သပိတ်ကျင်း၊ ပုသိမ်ကြီး၊ မတ္တရာမြို့တို့တွင်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်။

တစ်ပြိုင်တည်းတွင် ရွှေအထွက်နှုန်းကောင်းသည့် ရွှေတွင်းများစွာ ပိုင်ဆိုင်ထားသည့် ရွှေသူဌေးကြီး ဦးမောင်ကို၏ ရွှေလုပ်ကွက်များလည်း တော်လှန်ရေးအဖွဲ့များ၏ ထိန်းချုပ်မှုအောက် ရောက်လာသည်။ ထိုရွှေလုပ်ကွက်များသည် မန္တလေးအပြင် လက်နက်ကိုင်ခုခံမှုအားကောင်းသည့် စစ်ကိုင်းတွင်လည်း ရှိနေသည်။

တစ်လ ရွှေ ၇ ပိဿာအထက် ထွက်သည့် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ကျောက်ပုထိုးရွှေတွင်းကိုလည်း အမှတ် (၂) သတ္တုတွင်းလုပ်ငန်းနှင့် ပူးပေါင်း၍ ဦးမောင်ကို၏ ထာဝရသတ္ထုတူးဖော်ရေးကုမ္ပဏီက လုပ်ပိုင်ခွင့်ရထားသည်။

ထို့ပြင် မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် အုံးဇုံးကျေရွာအုပ်စု၊ ဝက်သေရွာအနီးတွင် ရွှေလုပ်ကွက်နှင့် အခြားရွှေလုပ်ကွက်များကို ဦးမောင်ကိုပိုင် ထာဝရသတ္တုတူးဖော်ရေးကုမ္ပဏီနှင့် Myanmar Golden Point Family တို့က ပိုင်ဆိုင်ထားသည်ဟု သိရသည်။

သို့သော် စစ်တပ်အာဏာသိမ်းပြီးနောက် ကောလင်း၊ ကျောက်ပုထိုးရွှေတွင်းကို ဆက်လက်မတူးနိုင်တော့ဘဲ အစောင့်များနှင့်သာ ပစ်ထားခဲ့ရကြောင်း၊ အခြားရွှေလုပ်ကွက်များကိုလည်း အထက်ပါ ကုမ္ပဏီများ လက်လွှတ်ထားရပြီဖြစ်ကြောင်း ဖယောင်းတောင်ရွှေတွင်းနှင့် နီးစပ်သည့် အမျိုးသားက ပြောသည်။

“(ရွှေလုပ်ကွက်အများပြား) ရှိတယ် အဲ့ဒီနေရာတွေ စွန့်လွှတ်ခဲ့ရပြီ။ PDF ကလည်း သူတို့ကို ဖယ်ခိုင်းတာပေါ့နော်။ အကုန်လုံးထားခဲ့ရပြီ။ ဝန်ထမ်းတွေရော၊ အဆောက်အအုံတွေရော၊ ကားတွေရော”

ရွှေတူးဖော်လုပ်ငန်းများကို ထိခိုက်လာသော်လည်း စီပွားရေးအင်အားကြီးသည့် ဦးမောင်ကိုသည် မန္တလေးမြို့ပေါ်တွင် ရွှေဥဩရွှေဆိုင်နှင့် ရွှေသန့်စင်လုပ်ငန်းလည်ပတ်နေပြီး ၎င်း၏ သားသမီးများမှာ ရန်ကုန်မြို့ရွှေဘုံသာလမ်းတွင် အော်စကာအမှတ်တံဆိပ် အခေါက်ရွှေရောင်းချသည့်လုပ်ငန်းလည်း ရှိသည်ဟု သိရသည်။