တစ်နေ့လျှင် တစ်ကြိမ်သာ ဓာတ်ဆီနှင့်ဒီဇယ်ဆီ ဝယ်ယူခွင့်ပြုမည့် စက်သုံးဆီဝယ်ယူခွင့်စမတ်ကတ်စနစ် မကြာမီ စမ်းသပ် အသုံးပြုမည်

by

in

တစ်နေ့လျှင် တစ်ကြိမ်သာ ဓာတ်ဆီနှင့်ဒီဇယ်ဆီ ဝယ်ယူခွင့်ပြုမည့် စက်သုံးဆီဝယ်ယူခွင့်စမတ်ကတ်စနစ် မကြာမီ စမ်းသပ် အသုံးပြုမည်
ရန်ကုန်၊ အောက်တိုဘာ ၃

ရန်ကုန်၊ မန္တလေး ၊ နေပြည်တော် အပါအဝင် မြို့ကြီးများတွင် တစ်နေ့လျှင် တစ်ကြိမ်သာ ဓာတ်ဆီနှင့်ဒီဇယ်ဆီ ဝယ်ယူခွင့် ရပြုမည့် စက်သုံးဆီဝယ်ယူခွင့်စမတ်ကတ်စနစ်ကို များမကြာမီ စမ်းသပ် အသုံးပြုရန် ရှိနေကြောင်း မြန်မာ နိုင်ငံစက်သုံးဆီတင်သွင်းရောင်းချ ဖြန့်ဖြူရေးအသင်းသတင်းရင်းမြစ်က ပြော ဆိုသည်။
ဩဂုတ်လနှောင်းပိုင်းမှစတင်ပြီး စက်သုံးဆီများကို တစ်နေ့လျှင်တစ်ကြိမ်သာ ဝယ်ယူခွင့်ပြုမည့် စမတ်ကတ်စနစ်ကို အကောင်အထည်ဖော်ရန် စီစဉ်လာခြင်းဖြစ်ပြီး လက်ရှိတွင် ယင်းစနစ်အတွက် ဆက်လက် အကောင် အထည်ဖော် လျက် ရှိကြောင်း ၊ စက်သုံးဆီဝယ်ယူခွင့်စမတ်ကတ်စနစ်ကို တရားဝင် မစတင်မီ စမ်းသပ်သုံးစွဲကြည့်ရန်ရှိပြီး ယင်းနောက် မြို့ကြီးများတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။
“စက်သုံးဆီဝယ်ယူခွင့်စမတ်ကတ်စနစ်က စမ်းသပ်အသုံးပြုပြီးမှ ကျယ်ကျယ် ပြန့်ပြန့်လုပ်ဖြစ်မှာပါ။ အခုထက်ထိတော့ အချိန်ကာလ အတိအကျ မသိရသေးပေမယ့် သိပ်တော့ မကြာခင် စတင်တော့မယ်လို့ ထင်ပါတယ်” ဟု မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချ ဖြန့်ဖြူရေးအသင်းသတင်းရင်းမြစ်က ပြောဆိုသည်။
စစ်ကောင်စီက နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလီယီချီ၍ စက်သုံးဆီများ တင်သွင်းနေရပြီး အမေရိကန်ဒေါ်လာများကို စျေးကွက်ပေါက်စျေး ဖြင့် နိမ့်သော စျေးနှုန်းဖြင့် ဆီတင်သွင်းသူများကို ရောင်းချကြောင်း၊ ထို့ကြောင့် စက်သုံးဆီ တင်သွင်းမှုများကို လျှော့ချနိုင်ရေးအတွက် စက်သုံးဆီများကို ဆီထုတ်စမတ်ကတ် စနစ်ဖြင့် ရောင်းချမည်ဖြစ်ပြီး ဆီများကို အကန့်အသတ်ဖြင့်သာ ရောင်း ချမည်ဖြစ်ကြောင်း၊ စစ်ကောင်စီနှင့် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း ရောင်း ချ ဖြန့်ဖြူးရေးအသင်းအကြား တစ်နေ့တစ်ကြိမ်သာ ဆီဝယ်ယူခွင့်ရှိမည့် စမတ်ကတ်စနစ်ကို ညှိနှိုင်းအကောင်အထည်ဖော်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
လက်ရှိတွင် စက်သုံးဆီအရောင်းဆိုင်များ မကြာခဏဆိုသလို ဆီပြတ်လပ်မှုများဖြစ်ပေါ်ပြီး ဆီဆိုင်များတွင် ကားတန်းများ တန်းစီ ဝယ်ယူရခြင်းများ ဆက်တိုက်ဆိုသလိုဖြစ်ပေါ်နေကြောင်း သိရှိရသည်။
ပုံမှန်အားဖြင့် မြန်မာနိုင်ငံတွင် စက်သုံးဆီများကို အမေရိကန်ဒေါ်လာ ၂ ဘီလီယံမှ ၃ ဘီလီယံအကြား တင်သွင်းရသော်လည်း စစ်ကောင်စီက ဆီတင်သွင်းမှုများကို အကြီးအကျယ် လျှော့ချကာ နိုင်ငံခြားငွေ ချွေတာနေသဖြင့် ပြည်တွင်းတွင် စက်သုံးဆီ မလုံလောက်မှုနှင့် ပြတ်လပ်မှု ပြဿနာများ မကြာခဏဆိုသလို ကြုံတွေ့နေရကြောင်း သိရှိရသည်။
စက်တင်ဘာလအတွင်း ပြုလုပ်ခဲ့သော အကြမ်းဖက်စစ်ကောင်စီ၏ နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီ အစည်းအဝေး အမှတ် ၆၇ / ၂၀၂၄ တွင် ပြည် တွင်းသို့ စက်သုံးဆီနှင့်စားအုန်းဆီ တင်သွင်းမှု လျှော့ချရန်အတွက် ပို့ကုန်ရငွေ ရှိမှသာလျှင် စက်သုံးဆီနှင့် စားအုန်းဆီ တင်သွင်းခွင့်ပြုမည်ဟု စစ်ကောင်စီက ဆုံးဖြတ်ခဲ့သည်။
သို့ရာတွင် လတ်တလော ပို့ကုန်ရငွေများ လုံလောက်စွာ မရရှိသေးသည့်အချိန်ဖြစ်၍ စစ်ကောင်စီက လိုအပ်သော နိုင်ငံခြားငွေ ဒေါ်လာများကို အကန့် အသတ်ဖြင့်သာ ဆက်လက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ စက်သုံးဆီနှင့် စားအုန်းဆီ တင်သွင်းရန် လိုအပ်သော နိုင်ငံခြားငွေများရောင်းချပေးမည်ဟု ဆုံးဖြတ်ခဲ့ကြောင်း သိရှိရသည်။