မြန်မာနိုင်ငံမှ အလည်နိုင်ငံကူးလက်မှတ် PV ဖြင့် ပြည်ပအလုပ်အတွက် လေဆိပ်မှ ထွက်ခွာ ခွင့်မပြုဟု စစ်ကောင်စီက ဒုတိယအကြိမ် ထပ်မံကြေညာပြန်

by

in

မြန်မာနိုင်ငံမှ အလည်နိုင်ငံကူးလက်မှတ် PV ဖြင့် ပြည်ပအလုပ်အတွက် လေဆိပ်မှ ထွက်ခွာ ခွင့်မပြုဟု စစ်ကောင်စီက ဒုတိယအကြိမ် ထပ်မံကြေညာပြန်
ရန်ကုန်၊ အောက်တိုဘာ ၃
မြန်မာနိုင်ငံမှ အလည်နိုင်ငံကူးလက်မှတ် PV ဖြင့် ပြည်ပအလုပ်အတွက် ထွက် ခွာခွင့်မပြုကြောင်း စစ်ကောင်စီက ဒုတိယအကြိမ်အဖြစ် ယနေ့ ထပ်မံကြေညာသည်။
ယနေ့ စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာများတွင် ပြည်ပအလည်အပတ် နိုင်ငံကူးလက်မှတ် Passport For Visit- PV) ဖြင့် ပြည်အလုပ်အကိုင်အတွက် လေကြောင်းခရီးဖြင့် ပြည်ပထွက်ခွာရန် ဆောင်ရွက်လျက်ရှိကြသဖြင့် သက်ဆိုင်ရာက လေဆိပ်တွင် စိစစ်သည့်အခါ သတ်မှတ်ချက်များနှင့်မကိုက်ညီသည့်အတွက် ပြည်ပသို့ ထွက်ခွာခွင့် မရခြင်းများကြောင့် လေယာဉ်လက်မှတ်ခ အပါအဝင် အခြားသော ကုန်ကျစရိတ်များဆုံးရှုံးရသည့် ဖြစ်စဉ်များ ဖြစ်ပေါ်လျက်ရှိကြောင်း စစ်ကောင်စီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ပြည်ပတွင် သွားရောက်အလုပ်အကိုင်မည့်သူများအနေဖြင့် ဥပဒေနှင့်အညီ မှတ်ပုံတင်ခြင်း၊ ပြည်ပအလုပ်အကိုင် အတွက် နိုင်ငံကူးလက်မှတ် Passport for Job-PJ လျှော်ထားရယူခြင်း၊ ပြည်ပအလုပ်အကိုင် အလုပ်သမားသက် သေခံကတ် OWIC လျှောက်ထားရမည်ဖြစ်ကြောင်း၊ ထိုသို့မဆောင်ရွက်လျှင် လေဆိပ်တွင် တားဆီးခံရသဖြင့် လေယာဉ်လက်မှတ်ခ အပါအဝင် ကုန်ကျစရိတ်များ ဆုံးရှုံးမည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာသည်။
ဩဂုတ်လ ၁၅ ရက်နေ့ကလည်း စစ်ကောင်စီက ပထမအကြိမ်အဖြစ် မြန်မာနိုင်ငံမှ နိုင်ငံကူးလက်မှတ် PV ကိုင်ဆောင်၍ အလုပ်အကိုင်ဗီဇာဖြင့် ပြည်ပထွက်ခွာမှုများကိုအားလုံးကို လေဆိပ်နှင့်နယ်စပ်ဂိတ်များတွင် စိစစ်တားမြစ်မည်ဖြစ်ကြောင်း တရားဝင်ကြေညာခဲ့သည်။
လက်ရှိတွင် စစ်ကောင်စီ၏ တင်းကျပ်မှုများကြောင့် ပြည်ပသို့ အလည်အပတ်ဗီဇာဖြင့် အဆင်ပြေစွာ လေဆိပ်မှ ထွက်ခွာခွင့်ရရှိရေး VIP Service မှာ ငွေကျပ် သိန်း ၂၀ မှ ငွေကျပ် သိန်း ၅၀ အထိ စျေးပေါက်လျက်ရှိကြောင်း သိရှိရသည်။
“အခု လကုန်ပိုင်းတွေမှာ အမျိုးသား အသက် ၁၈ နှစ်ကနေ အသက် ၃၅ အထိ လေယာဉ်လက်မှတ် အသွားအပြန်၊ ဗီဇာ၊ ဟိုတယ်ဘိုကင်၊ Show Money အကုန်အစုံပါတယ်။ သွားခွင့်မရဘူး။ VIP Service အတွက် လိုင်းရိုက်ထားတဲ့ သူတွေပဲ ထွက်လို့ရတယ်။ သာမန်ဒီအတိုင်း အထောက်အထားယူပြီး သွားလည်း လေဆိပ်ကနေ လှည့်ပြန်ခိုင်းတာပဲ။ ပြည်ပထွက်ချင်တဲ့သူတွေဆိုရင် ထိုင်း VIP Service အတွက် သိန်း ၂၀ ကိုယ့်ဟာကိုယ် ချိတ်ဆက် ပေးခိုင်းတယ်။ အဲဒါဆိုရင်တော့ သေချာတယ် ” ဟု ထိုင်းနှင့်ကိုးရီးယား ပြည်ပခရီးသွားအေဂျင်စီမှ ဒါရိုက်တာတစ်ဦးက ရှင်းပြသည်။
အခြားတစ်ဖက်တွင်လည်း စစ်ကောင်စီက အသက် ၂၃ နှစ်မှ အသက် ၃၂ နှစ်အတွင်း အမျိုးသားလူငယ်များကို PJ နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပအလုပ် အကိုင်သွားရောက် လုပ်ကိုင်ခွင့်များကို ပိတ်ပင်ထားသည်။