မြစ်သားမြို့နယ်ရှိ ကင်းတားရေလှောင်တမံတွင် ရေပြည့်နေသဖြင့် ရေတံခါး ၄ ပေါက်ဖွင့်ချ၊ ကျောက်ဆည်၊ မြစ်သား၊ တံတားဦးနှင့် ဝမ်းတွင်းမြို့နယ်အတွင်း ပန်းလောင်မြစ်ဘေး ကျေးရွာများ ရေကြီးနေ

by

in

မြစ်သားမြို့နယ်ရှိ ကင်းတားရေလှောင်တမံတွင် ရေပြည့်နေသဖြင့် ရေတံခါး ၄ ပေါက်ဖွင့်ချ၊ ကျောက်ဆည်၊ မြစ်သား၊ တံတားဦးနှင့် ဝမ်းတွင်းမြို့နယ်အတွင်း ပန်းလောင်မြစ်ဘေး ကျေးရွာများ ရေကြီးနေ
ရန်ကုန်၊ အောက်တိုဘာ ၃
မန္တလေးတိုင်း၊ မြစ်သားမြို့နယ်ရှိ ကင်းတားရေလှောင်တမံတွင် ရေပြည့်နေသဖြင့် ရေတံခါး ၄ ပေါက်ဖွင့်ချလိုက်ရာ ကျောက်ဆည်၊ မြစ်သား၊ တံတားဦးနှင့် ဝမ်းတွင်းမြို့နယ်အတွင်းရှိ ပန်းလောင်မြစ်ဘေးကျေးရွာများ ရေကြီးနစ်မြုပ်နေကြောင်း ဒေသပြည်သူများ၏ ပြောဆိုချက်နှင့် စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ မိုးသည်းထန်စွာရွာသွန်းသဖြင့် ကင်းတားရေလှောင်တမံတွင် ရေပြည့်လာကြောင်း၊ ထို့ကြောင့် ရေတံခါး ၄ ခုကို ဖွင့်လှစ်ခဲ့ရကြောင်း၊ ရေတံခါး ၄ ခုကို ဖွင့်လှစ်လိုက်သဖြင့် အောက်တိုဘာလ ၃ ရက်နေ့ နံနက် ၆ နာရီ အချိန် ကင်းတား ရေလှောင် တမံ တွင် ရေသိုလှောင်ထားရှိမှုမှာ ကန်ရေပြည့်မှတ် ၏အောက်ဘက် ၀ ဒသမ ၄၇ ပေ လျော့နည်း ရောက်ရှိနေကြောင်း၊ ရေလှောင် တမံ ၏ ရေပိုလွှဲ ရေတံခါး ၄ ခုကို ၁ ဒသမ ၆၄ ပေစီ ဖွင့်လှစ်ထားကြောင်း သိရှိရသည်။
မြစ်သားမြို့နယ်၊ ပန်းလောင်မြစ်ဘေးရှိ ကျေးရွာတချို့နှင့် ရပ်ကွက်များမှာ ယခုအခါ ကင်းတားရေလှောင်တမံမှ ရေများလွှတ်ချလိုက်သဖြင့် ရေဘေးရှောင်နေရကြောင်း၊ စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့များက လော်စပီကာများဖြင့် ရေကြီးမှု သတိပေးချက်များ လိုက်လံ ကြေညာလျက်ရှိကြောင်း သိရှီရသည်။
“မြစ်သားမြို့ ဘူတာရပ်ကွက် ၊ ရွှေဘုံသာ ရေဘေးရှောင်စခန်းနဲ့ ရွှေပေါ်ကျွန်းကျေးရွာ၊ မြတ်ဘုန်းရှင်ဘုရား ရေဘေးရှောင်စခန်းတွေတော့ ဖွင့်ထားတာရှိတယ်။ အလှူရှင်တွေ လာရောက် လှူဒါန်းနိုင်ပါတယ်။ အခုတော့ ကင်းတားဆည်က ရေထိန်းဖွင့်တော့ ရေက ကျေးရွာတွေထဲကို ဝင်ရောက်လာတာပဲရှိတယ်။ စက်တင်ဘာလလယ်တုန်းကလို ထိန်းမနိုင် သိမ်းမရဖြစ်တာမျိုး ရေအလုံးလိုက်ကြီး ဝင်ပြီး စီးသွားတာမျိုးမရှိဘူး” ဟု မြစ်သားမြို့နယ်မှ ပရဟိတအဖွဲ့ဝင်တစ်ဦးက ဆိုသည်။
မြစ်သားမြို့နယ်တွင် လက်ရှိ ရေကြီးနစ်မြစ်မှုဖြစ်ပေါ်နေသော မြစ်ကမ်းဘေး ကျေးရွာများမှာ ရွာခိုင်ကြီး၊ အိမ်ရှေ့တောင်၊ ရွှေပေါ်ကျွန်း၊ ဥသျစ်ကုန်း၊ ကျန်တော၊ မြို့မ၊ မင်းကုန်း၊ ရွှေသူဌေး၊ ကျွန်းလှ၊ ယွေး၊ လက်ပံဆိပ်ကျေးရွာများဖြစ်ကြောင်း သိရှိရသည်။
ထို့အတူ ကျောက်ဆည်မြို့နယ် သံရွာကျေးရွာအနီးရှိငပြောင်ဆည်၏ရေကြီးရေမှတ်မှာ ၄ ပေဖြစ်ပြီးစိုးရိမ်ရေမှတ်မှာ ၆ ဒသမ ၅ ပေအမြင့်ရှိကြောင်း၊ အောက်တိုဘာလ ၂ ရက်နေ့ ညနေ ၆ နာရီအချိန် ဆည်ပေါ်မှ ၄ ဒသမ ၃ ပေအမြင့် ရေကျော်ကျစီးဆင်းနေပါကြောင်း၊ အောက်တိုဘာလ ၂ ရက်နေ့ ညနေ ၆ နာရီအချိန် ရွာငံမြို့နယ်ရှိ မြို့ကြီးတမံအတွင်းရေသိုလှောင်ထားရှိမှုမှာကန်ရေပြည့်မှတ်အထက် ၃ ဒသမ ၃ ပေသို့ကျော်လွန်ရောက်ရှိနေပါသဖြင့် ရေပိုလွှဲမှ ၃ ဒသမ ၃ ပေအမြင့်ကျော်ကျစီးဆင်းနေပါကြောင်း၊ ထို့ပြင် ဇော်ဂျီ မြစ်ရေ မြင့်တက်လာနိုင်သဖြင့် ကျောက်ဆည်မြို့ပေါ် ရပ်ကွက်များအတွင်း ရေဘေးသတိ ပြုကြရန် စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ- မြစ်သားမြို့နယ်တွင် အောက်တိုဘာလ ၂ ရက်နေ့ ပန်းလောင်မြစ်ဘေး ကျေးရွာများတွင် ရေများ ဝင်ရောက်လာစဉ်။