အမှတ် ၈ လေကြောင်းရန် ကာကွယ်ရေး ယန္တရားတပ်ရင်း (တောင်ညို) မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး နိုင်ဝင်းထွန်း ၏ တပ်တွင်းဖိနှိပ်မှုကြောင့် အရာခံဗိုလ် ၁ ဦး အဆုံးစီရင်

by

in

အမှတ် ၈ လေကြောင်းရန် ကာကွယ်ရေး ယန္တရားတပ်ရင်း (တောင်ညို) မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး နိုင်ဝင်းထွန်း ၏ တပ်တွင်းဖိနှိပ်မှုကြောင့် အရာခံဗိုလ် ၁ ဦး အဆုံးစီရင်
ရန်ကုန်၊ အောက်တိုဘာ ၃

နေပြည်တော်၊ တောင်ညိုရှိ အမှတ် ၈ လေကြောင်းရန် ကာကွယ်ရေး ယန္တရားတပ်ရင်း (တောင်ညို) မှ တပ် ရင်းမှူး ဒုဗိုလ်မှူးကြီး နိုင်ဝင်းထွန်း ၏ တပ်တွင်းဖိနှိပ်မှုကြောင့် အရာခံဗိုလ် ၁ ဦး အဆုံးစီရင်သွားကြောင်း တပ်တွင်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နေပြည်တော်တိုင်း၊ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး (ကကယာ) လက်အောက်ခံ အမှတ် ၈ လေကြောင်းရန် ကာကွယ်ရေး ယန္တရား(တောင်ညို)မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး နိုင်ဝင်းထွန်းက လက်အောင်ငယ်သားများအပေါ် မတရားနိုင့်ထက်စီးနင်း ပြုကျင့်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းများ ပြုမူနေသည့်အပြင် ရပိုင်ခွင့်များကို မတရားခေါင်းပုံ ဖြတ်ကြောင်း၊ နေပြည်တော် တောင်ညိုဒေသတွင် ဥပဒေမဲ့ သစ်ခုတ်ခြင်း အပါအဝင် တရားမဝင် လုပ်ငန်းများကို လုပ်ကိုင်ကြောင်း၊ ၎င်း၏ ငွေရှာသည့်လုပ်ငန်းများတွင် တပ်မှ စစ်သည်များကို ပြန်လည် ခိုင်းစေခြင်းများ လုပ် ဆောင်ခဲ့ကြောင်း၊ အထက်မှ စစ်ဆေးသိရှိသည့်အခါတွင် အောက်လက်ငယ်သားများအပေါ် ပုံချခြင်း အပြစ်ခံယူစေခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး နိုင်ဝင်းထွန်း၏ ညှဉ်းပန်းနှိပ်စက်မှုများကြောင့် ၎င်း၏လက်အောက်တွင် အနီးကပ် အလုပ်လုပ်နေရသည့် အရာခံဗိုလ်တစ်ဦးသည် ဖိအားများကြောင့် တပ်တွင်းရေပေးကန်ထဲသို့ ခုန်ချ အဆုံးစီရင်ခဲ့ကြောင်း၊ ယင်းကိစ္စအတွက် အထက်သို့ အစီရင်ခံစာတင်ပြရာတွင် သေဆုံးသူ အရာခံဗိုလ်သည် ချော်လဲသေဆုံးသည်ဟု လိမ်လည်အစီရင်ခံစာ တင်ပြခဲ့ကြောင်း သိရှိရသည်။
ဒုဗိုလ်မှူးကြီး နိုင်ဝင်းထွန်း၏ နှိပ်စက်မှုများကြောင့် အမှတ် ၈ လေကြောင်းရန်ကာကွယ်ရေး ယန္တရားတပ်မှ စစ်သည်များအပြား ထွက်ပြေးကြကြောင်း၊ သို့ရာတွင် တပ်ပြေးစစ်သည်များ၏ ဖြစ်စဉ်များကို အထက်သို့ မတင်ပြဘဲ လစာနှင့်ရိက္ခာများကို တပ်ရင်းမှူးက စိတ်ကြိုက် စီမံခန့်ခွဲ ထုတ်ယူသုံးစွဲကြောင်း သိရှိရသည်။
“တပ်ရင်းမှူးက အရမ်းဆိုးတော့ တရားမဝင် လုပ်ငန်းတွေ များစွာလုပ်ပါတယ်။ တပ်မမှူး အမိန့်နဲ့ဆိုပြီး နေပြည်တော်တပ်ဝန်းကျင်က သစ်တန်ပေါင်းများစွာ ဥပဒေမဲ့ ထုတ်ယူပါတယ်။ အဲဒါတွေကို ရောင်းစားပါတယ်။ အခုထက်ထိလည်း ဥပဒေမဲ့ သစ်တွေ ခုတ်ရောင်းဝယ်နေပါတယ်။ လက်အောက်ငယ်သားတွေအပေါ်မှာ နိုင့်ထက်စီးနင်း လုပ်လွန်းပါတယ်” ဟု တပ်သတင်းရင်းမြစ်က ရှင်းပြသည်။
အမှတ် ၈ လေကြောင်းရန် ကာကွယ်ရေး ယန္တရားတပ်ရင်း (တောင်ညို) တပ်တွင်းဖိနှိပ်မှုများနှင့်ပတ်သက်၍ တိုင်ကြားမှုများ လုပ်ဆောင်ခဲ့သော်လည်း စစ်ကောင်စီထိပ်ပိုင်းက အရေးယူမှု တစ်စုံတစ်ရာမရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ- နေပြည်တော်အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့။