ရန်ကုန်မြို့တွင် အတင်းအဓမ္မ စစ်သားအဖြစ် စုဆောင်းခံရသူ ၁ ဦးနှင့် မြစ်ခြေရဲစခန်းမှ ရဲတပ်သား ၁ ဦးတို့ လက်နက် ခဲယမ်းများနှင့်အတူ အလင်းဝင်

by

in

ရန်ကုန်မြို့တွင် အတင်းအဓမ္မ စစ်သားအဖြစ် စုဆောင်းခံရသူ ၁ ဦးနှင့် မြစ်ခြေရဲစခန်းမှ ရဲတပ်သား ၁ ဦးတို့ လက်နက် ခဲယမ်းများနှင့်အတူ အလင်းဝင်
ရန်ကုန်၊ စက်တင်ဘာ ၃၀

ရန်ကုန်မြို့တွင် အတင်းအဓမ္မစစ်သားစုဆောင်းခံရသူတစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်း ဝင်ရောက်ခဲ့ကြောင်း လွိုင်ကော် LPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။
ယမန်နေ့ စက်တင်ဘာလ ၂၉ ရက်နေ့ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်အစပ် ရှေ့တန်းတနေရာ ရောက်ရှိ နေသော အကြမ်းဖက်စစ်ကောင်စီတပ်မှ အတင်း အဓမ္မ စစ်သားစုဆောင်းခံရသူ တပ်သား အေးချမ်း အောင်က Loikaw Local Pdf ထံသို့ ဆက်သွယ်ကာ ‌ MA -11 သေနတ် တစ်လက် ၊ ကျည်ဘောက် ၃ ဘောက်၊ ကျည်ဆံ ၂၄၇ တောင့် ၊ လက်ပစ်ဗုံး ၁လုံး ၊ ၁၄ မိုင်း ၁ လုံး တို့ယူ ဆောင် ၍ အလင်းဝင် ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သူက ရန်ကုန်ကနေ တပ်သားစုဆောင်းခံရတာ။ ထိပ်ဆုံး စုဆောင်းခံရတဲ့ အစုတွေပေါ့၊ အပတ်စဉ် ၁ လို့ သိရတယ် ။ သူက ရှမ်း – ကယားနယ်စပ်နေရာကနေ ကျနော်တို့ကို ဆက်သွယ်တာ၊ ဆက်သွယ် လာတော့ ကြာပြီ၊ အသေးစိတ်စိစစ်ပြီး အခုမှ ကျနော်တို့သွားခေါ်ခဲ့တာ၊ အခက်အခဲကြားထဲကနေ သွားခေါ်လာခဲ့တာ၊ အခုကတော့ ကျနော်တို့နားရောက်ပြီ။ ဆုချီးမြှင့်ဖို့က ချီးမြှင့်ပါတယ်၊ သူ့ကို့ အသိ အမှတ် ပြုတဲ့အနေနဲ့ပေါ့။ သို့ပေမယ့် ကျနော်တို့မှာက ငွေရေး ကြေးရေးအခက်အခဲဖြစ်နေတယ်၊ အခု တော့ သူ့ကိုအားပေးထားပါတယ်။ဂုဏ်ပြုတာလည်းလုပ်ထားတယ်။” ဟု လွိုင်ကော် LPDF တပ် ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။
အကြမ်းဖက်စစ်ကောင်စီ၏ အတင်းအဓမ္မစစ်သားစုဆောင်းခံရသူများ၊ အကြမ်း ဖက်စစ်ကောင်စီထံ တွင် ဆက် လက်လုပ်ဆောင်လိုခြင်းမရှိပဲ ပြည်သူနှင့်အတူ ရပ်တည်လိုသော စစ်ကောင်စီတပ်သား များအနေဖြင့် လွိုင်‌ကော်မြို့နယ်၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ဆက်သွယ်ပြီး အလင်းဝင် ရောက်ကြပါရန် Loikaw Local PDF က ဖိတ်ခေါ်ထားသည်။
“နောက်ထပ်အလင်းဝင်မယ့်သူတွေကို တိုက်တွန်းဖိတ်ခေါ်ပါတယ်။ ကျနော်တို့နဲ့အတူတူ ပြည်သူ့ ဘက်ကို ပူးပေါင်းပါ။ စစ်ကောင်စီကလည်း မကြာခင်ကျဆုံးခန်းရောက်တော့မှာဖြစ်တယ်။ သူတို့ အင်အားတွေချည့်နဲ့နေပါပြီ။ ပြည်သူအချင်းချင်းလည်း မတိုက်ဖို့ရာအတွက် ပြည်သူ့ဘက်တော်သား တွေဘက်ကို အလင်းဝင်ရောက်ပူးပေါင်းခိုလှုံပါ။ ကျနော်တို့နဲ့အတူတူ လက်တွဲဆောင်ရွက်ပါလို့ ပြောချင်တယ်၊ ကျနော်တို့တော်လှန်ရေးက မြန်မြန်ပြီးဆိုရင် စကစ မြန်မြန်ပြုတ်ကျဖို့ဆိုရင် CDM တွေရဲ့အားက အများကြီးလိုတယ်။ အဲဒီတော့ အလင်း ဝင်ရောက်လာမယ့်သူတွေအားလုံးကို နွေးထွေး စွာကြိုဆိုပါတယ်၊ ဒီရောက် လာရင်လည်း လုံလုံခြုံခြုံနဲ့ စိတ်ချမ်းချမ်းသာသာထားပါမယ့်” ဟု လွိုင်ကော် LPDF တပ် ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကတိုက်တွန်း ပြောဆိုသည်။
အလားတူ မန္တလေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေရဲစခန်းမှ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းနှင့် အတူ အလင်း ဝင်ခဲ့ကြောင်း မြစ်ခြေ- ကျွန်းချောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MC – KC DF တပ်ဖွဲ့ ထံမှ သိရသည်။
စက်တင်ဘာလ ၂၃ ရက်နေ့ မြစ်ခြေရဲစခန်း၌ တာဝန်ကျနေသော အကြမ်းဖက်စစ်တပ်လက် အောက်ခံ ရဲတပ် သားတစ်ဦးသည် G3 သေနတ်အမျိုးအစား ၁ လက်၊ ကျည်ဘောက် ၂ ခု ၊ ကျည် ၁၉၈ တောင့်၊ လက်ပစ်ဗုံး ၁ လုံး နှင့် အတူ မြစ်ခြေ-ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ဆက်သွယ်ကာ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။