ထိုင်းအစိုးရက ဖမ်းဆီး ပြန်လွှဲပေးနေသော မြန်မာများအနက်မှ အမျိုးသားများအားလုံး မဖြစ်မနေ စစ်မှု ထမ်းရမည်ဖြစ်ပြီး တရားမဝင် နယ်စပ်ဖြတ်ကျော်မှုဖြင့် ထောင်မချလို၍ စစ်မှုထမ်းခိုင်းဟုဆို

by

in

ထိုင်းအစိုးရက ဖမ်းဆီး ပြန်လွှဲပေးနေသော မြန်မာများအနက်မှ အမျိုးသားများအားလုံး မဖြစ်မနေ စစ်မှု ထမ်းရမည်ဖြစ်ပြီး တရားမဝင် နယ်စပ်ဖြတ်ကျော်မှုဖြင့် ထောင်မချလို၍ စစ်မှုထမ်းခိုင်းဟုဆို
ရန်ကုန်၊ စက်တင်ဘာ ၃၀
ထိုင်းနိုင်ငံတွင် တရားမဝင် နေထိုင်မှုများဖြင့် ဖမ်းဆီးခံခဲ့ရပြီး စစ်ကောင်စီထံသို့ ပြန်လည် လွှဲပြောင်းခံရသော မြန်မာနိုင်ငံသားများအားလုံးအနက်မှ အမျိုးသားများအားလုံးမှာ မဖြစ်မနေ စစ်မှုထမ်းရမည်ဖြစ်ပြီး ပြန်တော်ပြန် မြန်မာများ စစ်မှုထမ်းရန် ကိစ္စကို နေပြည်တော်က တိုက်ရိုက်ကိုင်တွယ်လျက်ရှိကြောင်း တနင်္သာရီတိုင်းစစ်မှုထမ်းဆင့်ခေါ် ရေးအဖွဲ့သတင်းရင်းမြစ်က ပြောဆိုသည်။
ထိုင်းနိုင်ငံတွင် တရားမဝင် နေထိုင်မှုဖြင့် ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများသည် မြန်မာဘက်သို့ ပြန်လည် လွှဲပြောင်းခံရပါက တရားမဝင် နယ်စပ်ဖြတ်ကျော်မှုဖြင့် ထောင် ထပ်မံချခံရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ၎င်းတို့ကို ထောင်သွင်းအကျဉ်းချခြင်း မပြုလုပ်တော့ဘဲ ပြစ်ဒဏ်အစား စစ်မှုထမ်းခိုင်းဖြစ်ကြောင်း သိရှိရသည်။
ထိုင်းအစိုးရက ရနောင်း-ကော့သောင်းနယ်စပ် ရေလမ်းမှတစ်ဆင့် တရားမဝင် ဖမ်းဆီးရရှိထားသော မြန်မာနိုင်ငံသားများကို ပြန်လည် လွှဲပြောင်းပေးလျက်ရှိရာ လက်ရှိတွင် စစ်ကောင်စီက လွှဲပြောင်းရရှိသော မြန်မာနိုင်ငံသားများ အ နက်မှ အမျိုးသားများအားလုံးကို စစ်မှုထမ်းရန် ခေါ်ဆောင်လျက်ရှိကြောင်း၊ ထိုသို့ ခေါ်ဆောင်ရာတွင် ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက်မှုများသည် တရားမဝင် နယ်စပ်ဖြတ်ကျော်သွားရောက်မှုများဖြစ်၍ ယခု မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိချိန်တွင် ထောင်ဒဏ်ထပ်မံချမှတ်နိုင်ကြောင်း၊ ထို့ကြောင့် ပြစ်ဒဏ်မခံလိုပါက စစ်မှုထမ်းမှသာလျှင် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိမည်ဖြစ် ကြောင်း လက်မှတ်ရေးထိုးခိုင်းကြောင်း၊ ထို့နောက် စစ်သားစုဆောင်းရေး တပ်များထံသို့ ပို့ဆောင်လျက်ရှိကြောင်း သိရှိရသည်။
“မြန်မာဘက်ကို ပြန်ရောက်လာတဲ့သူတွေကို စိစစ်ပြီး လက်ခံပြီးတော့ သူတို့ကို တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ ထပ်အရေးယူရမှာပါ။ ဒါပေမယ့် စစ်မှုထမ်းမယ် ဆိုရင်တော့ ပြစ်ဒဏ်ကျခံစရာမလိုဘူးဆိုတာ သိရှိကြောင်း လက် မှတ်ထိုး ခိုင်းပါတယ်။ သူတို့ကိုယ်တိုင်က ပြစ်ဒဏ်ကျခံရမှာကို သိတဲ့အတွက် စစ် မှုထမ်းမယ်လို့ လက်မှတ်ထိုးတဲ့သူရှိသလို တချို့လည်း လက်မှတ်မထိုးဘဲ တပ်မ တော် လေ့ကျင့်ရေး သင်တန်းကျောင်းတွေဆီ ရောက်လာတာလည်းရှိတယ်။ အမျိုးသမီးတွေကတော့ ပြန်လွှတ်ပါတယ်။ အမျိုးသားတွေကတော့ စစ်မှုထမ်းရပါ တယ်။ နောင် ပြန်အလွှဲခံရမယ့်သူတွေအားလုံးကလည်း မဖြစ်မနေ စစ်မှု ထမ်းရမှာဖြစ်ပါတယ်” ဟု တနင်္သာရီ တိုင်း စစ်မှုထမ်းဆင့်ခေါ် ရေးအဖွဲ့သတင်းရင်းမြစ်က ပြောဆိုသည်။
ထိုင်းနိုင်ငံက ပြန်လည် လွှဲပြောင်းလိုက်သူများ၏ ကိုယ်ရေးရာဇဝင်၊ နောက် ကြောင်းများကို တနင်္သာရီတိုင်း၊ ကော့သောင်းရှိ စစ်ကောင်စီလက်အောက်ခံ လ၀က၊ ရဲနှင့် စရဖတို့က စိစစ်ပြီး နေပြည်တော်သို့ တိုက်ရိုက်တင်ပြကြောင်း၊ ထိုသို့ တင်ပြစိစစ်ပြီးနောက် ထိုင်းနိုင်ငံအတွင်း တော်လှန်ရေးအဖွဲ့များနှင့် ဆက်စပ်မှု မရှိကြောင်း စိစစ်တွေ့ ရှိရမှသာ စစ်မှုထမ်းရန် ခေါ်ဆောင်ခိုင်းခြင်းဖြစ်ကြောင်း၊ ထိုင်းဘက်မှ ပြန်လည်လွှဲပြောင်းသူများကို စစ်မှုထမ်း ခိုင်းခြင်းမှာ နေပြည်တော်၏ တိုက်ရိုက်ညွှန်ကြားချက်အရ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် စစ်မှုထမ်းခေါ်ဆောင်ခံရသူများ၏ မိသားစုများထံသို့ စစ်မှုထမ်းအဖြစ် တာဝန်ထမ်းနေကြောင်း အကြောင်း ကြားပေးရန် စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့က လူမှုဆက်ဆံရေးအဖွဲ့များ ဖွဲ့စည်းနေကြောင်း၊ ယင်းအဖွဲ့များ ပီပြင်စွာ ဖြစ်ပေါ်လာက ထိုင်းနိုင်ငံမှ ပြန်လည် လွှဲပြောင်းခံရသူများ စစ်မှုထမ်းဆောင်နေ သည်ကို သက်ဆိုင်ရာ မိသားစုများထံသို့ အသိပေး အကြောင်းကြားသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ထိုင်းနိုင်ငံ ရနောင်းခရိုင် ထိန်းသိန်းရေးစခန်းတွင် ပြီးခဲ့သည့် ဇူလိုင် ၃၀ ရက်နှင့် ဩဂုတ် ၇ ရက်နေ့ ပြန်လွတ်လာသူများကို ကော့သောင်းတွင် စစ်သားစုဆောင်းရေးအဖြစ် ခေါ်ဆောင်နေစဉ်။