မုံရွာတွင် ရွှေဆိုင်တစ်ဆိုင်အပါအဝင် ၃ နေရာ ဓါးပြတိုက်ခံရ

by

in

မုံရွာတွင် ရွှေဆိုင်တစ်ဆိုင်အပါအဝင် ၃ နေရာ ဓါးပြတိုက်ခံရ
ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် ၂၄ နာရီအတွင်း ရွှေဆိုင်တစ်ဆိုင်အပါအဝင် ၃ နေရာ ဓါးပြတိုက်ခံရကြောင်း မြို့ခံများက ပြောသည်။
စက်တင်ဘာ ၂၅ ရက် နံနက်ပိုင်းက မုံရွာမြို့ပေါ်၊ ကျောက္ကာလမ်း၊ ခရိုင်မီးသတ်ရုံးရှေ့ရှိ
မီးသတ်ရုံးအနီးက ရွှေဆိုင်တစ်ဆိုင် ဓါးပြတိုက်ခံခဲ့ရပြီး ဓါးပြများ ထွက်ပြေးလွတ်မြောက်သွားကြောင်း ဒေသခံများက ပြောသည်။
“တဆိုင်လုံးနီးပါးပါသွားတယ်ကြားတယ်။”ဟု မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဆက်သွယ်ရေးတာဝန်ခံ ကိုနေမော်က ပြောကြားသည်။
ဓါးပြတိုက်ခံရသည့်ရွှေဆိုင်မှာ ရွှေမုံရွာဟုပြောဆိုနေပြီး အတည်ပြု၍ မရသေးပေ။
ထိုနေ့နံနက်ပိုင်းကပင် မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်နေ ချင်းတွင်းအထက်ပိုင်းမှ လာရောက်နေထိုင်သည့် မော်တော်ပိုင်လင်မယားအိမ်လည်း ဓါးပြတိုက်ခံရပြီး ဆုံးရှုံးမှုပမာဏ မသိရကြောင်း မုံရွာမြို့ခံအချို့က ပြောသည်။
အလားတူ ယမန်နေ့(စက်တင်ဘာ၂၆ရက်) နေ့လယ်၁၂ နာရီဝန်းကျင်ကလည်း မုံရွာမြို့၊သစ္စာလမ်းနှင့် မေတ္တာလမ်း၊ ခိုင်မာအလှပြင်ဆိုင်အနီးရှိ ရွှေပန်းထိမ်လုပ်ငန်းတစ်ခု ဓါးပြတိုက်ခံရကြောင်း ဒေသခံများက ပြောသည်။
ရွှေပန်းထိမ်လုပ်ငန်းအိမ်အား လူ ၃ ဦးဖြင့် ဓါးပြတိုက်သွားခြင်းဖြစ်ပြီး ပျူစောထီးများဖြစ်ကြောင်း မုံရွာကင်းထောက်များအဖွဲ့က ဆိုသည်။
“သူတို့(စစ်ကောင်စီ)ကားတွေကောရှိတယ်။ ရှိတဲ့ကြားက တိုက်သွားတာ။ ရန်ကင်းမီးပွိုင့်နားမှာ ဘဲဥ(ယာဥ်ထိန်း)ကားလည်း ရှိတယ်ဗျာ။ လိုက်ထရပ်လို ကန်တာလို့ခေါ်တာလား အဲလိုကားမျိုးကို သံဆန်ကာပိတ်ထားတဲ့ကားကြီးလည်းရှိတယ်ဗျာ။ ဘဲဥတွေကောရဲတွေကော ရှိတယ်ဗျာ။ ပေ ၈၀ လမ်းထိပ်မှာလည်း ဒီကောင်တွေအစစ်အဆေးလုပ်နေတာ။ အဲကြားထဲကနေ တိုက်သွားတာ။”ဟု မုံရွာမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
ရွှေပန်းထိမ်အိမ် ဓါးပြတိုက်ခံရပြီးနောက် စစ်ကောင်စီက တစ်မြို့လုံးအား စစ်ဆေးတင်းကြပ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း မုံရွာမြို့ပေါ်ရှိ ရွှေဆိုင်များ၊ ဖုန်းဆိုင်စတိုးဆိုင်များ၊ လူနေအိမ်များ ဓါးပြတိုက်ခံရပြီး လူထိခိုက်သေဆုံးမှုများပင် ရှိခဲ့သည်။
၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၁ ရက်က မုံရွာမြို့လယ်မီးပွိုင့်အနီးရှိ သန်းတရာရွှေဆိုင် ဓါးပြတိုက်ခံရပြီး ရွှေအချိန်(၁၀)ပိဿာကျော်ပါသွားခဲ့သည်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်ကလည်း မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ​ရွှေမုံရွာ ရတနာရွှေဆိုင်ဓားပြတိုက်ခံရပြီး ဆိုင်ရှင်အမျိုးသားပါ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။
၂၀၂၃ ခုနှစ် မတ်လ ၂၁ ရက်ကလည်း မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ပေါ်ဦးရွှေဆိုင်ဓါးပြတိုက်ခံရပြီး အောင်မင်္ဂလာရပ်ရှိ ပေါ်ဦး-၂ ရွှေဆိုင်ဓားပြတိုက်ခံရပြီး ဆိုင်ရှိ ရွှေထည်၊ရွှေတုံးများ ပိဿာလိုက်ပါသွားပြီး ကျပ်သိန်းထောင်ချီလည်း ယူဆောင်သွားသည်။
(မုံရွာမြို့လယ်တနေရာအား တွေ့ရစဥ်။ဓါတ်ပုံ-CJ)