နိုင်ငံရေး ပြဿနာ ဖြေရှင်းရေး မင်းအောင်လှိုင်၏ ဖိတ်ခေါ်ချက် အရည်မရ အဖတ်မရ ဓာတ်ပြားဟောင်းသာဖြစ်ပြီး စစ်တပ်ကျူးလွန်သော ရာဇဝတ်မှန်သမျှ အရေးယူရေး အပါအဝင် အချက် ၃ ချက်မရဘဲ ဆွေးနွေးစရာမရှိဟု KNU ပြော

by

in

နိုင်ငံရေး ပြဿနာ ဖြေရှင်းရေး မင်းအောင်လှိုင်၏ ဖိတ်ခေါ်ချက် အရည်မရ အဖတ်မရ ဓာတ်ပြားဟောင်းသာဖြစ်ပြီး စစ်တပ်ကျူးလွန်သော ရာဇဝတ်မှန်သမျှ အရေးယူရေး အပါအဝင် အချက် ၃ ချက်မရဘဲ ဆွေးနွေးစရာမရှိဟု KNU ပြော
ရန်ကုန်၊ စက်တင်ဘာ ၂၇

အကြမ်းဖက် မင်းအောင်လှိုင်၏ နိုင်ငံရေး ပြဿနာ ဖြေရှင်းရေး ဖိတ်ခေါ်ချက် သည် အရည်မရ အဖတ်မရ ဓာတ်ပြားဟောင်းသာဖြစ်ပြီး စစ်တပ်ကျူးလွန်သော ရာဇဝတ်မှန်သမျှ အရေးယူရေး အပါအဝင် အချက် ၃ ချက်မရဘဲ ဆွေးနွေးစရာမရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုအလုပ် အမှုဆောင်လည်းဖြစ်၊ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်သူ ပဒိုစောတောနီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က စက်တင်ဘာလ ၂၆ ရက်နေ့ ည ၈ နာရီအချိန် တိုင်းရင်းသားလက်နက်ကိုင်များနှင့် PDF များအနေဖြင့် လက်နက်စွန့်၍ နိုင်ငံရေးပါတီလမ်းကြောင်းဖြင့်လည်းကောင်း၊ ရွေးကောက်ပွဲ နည်းလမ်းအားဖြင့် လည်းကောင်း၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် ဖိတ်ခေါ်ခဲ့ခြင်းအပေါ် KNU ဘက်က ယင်းသို့ တုံ့ပြန်လိုက်ခြင်းဖြစ်သည်။
စစ်တပ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော နိုင်ငံရေးပြဿနာကို ဖြေရှင်းရန် KNU အပါအဝင် တော်လှန်ရေးအင်အားစုများအနေဖြင့် နိုင်ငံရေး ဘုံသဘောတူညီချက် ရှိပြီး အဆိုပါ ဘုံသဘောတူညီချက်အရ စစ်တပ်က နိုင်ငံရေးမှ ဆုတ်ခွာပြီး အရပ်သားအုပ်ချုပ်မှုအောက်သို့ သွားရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲရန်နှင့် စစ်တပ်ကျူးလွန်သော ရာဇဝတ်မှုများကို အရေးယူရန် ဟူသော အချက် ၃ ချက်ကို လက်ခံမှသာလျှင် တွေ့ဆုံဆွေးနွေးရေး လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“အဲဒီလို အရည်မရ အဖတ်မရ ဓာတ်ပြားဟောင်းကြီးနဲ့ ခဏခဏ လာဖွင့်ပြမနေနဲ့တော့ဗျာ။ အလကားနားညဉ်းတယ်။ ကျနော်တို့အားလုံးမှာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်တဲ့ ဘုံသဘောတူညီချက် ရှိပြီးသား။ တစ်အချက်က စစ်တပ်က နိုင်ငံရေးက ထွက်ပြီးတော့ အရပ်သားအုပ်ချုပ်မှူအောက်မှာ နေပြီးတော့ Professional စစ်တပ်အတွက် လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်ကို လက်ခံရမယ်။ ဒါက နံပါတ်တစ်အချက်။ ဒုတိယတစ်ချက်ကတော့ ကျနော်တို့အတွက် အင်မတန်အရေးကြီးတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့အတွက် ဖွဲ့စည်းအခြေခံဥပဒေသစ်ရေးဆွဲရေးကို လက်ခံရမယ်။ နံပါတ် ၃ အချက်ဖြစ်တဲ့ အဓိက အကျဆုံးဖြစ်တဲ့ ကျူးလွန်ခဲ့သမျှသော စစ်ရာဇဝတ်မှု မှန်သမျှ တိုင်းသူပြည်သား ပြည်သူလူထုအပေါ်မှာ နေ့စဉ်နဲ့အမျှ ကျူးလွန်ခဲ့တာတွေကို အားလုံးပြန်ပြီးတော့ တာဝန်ခံရမယ်။ အဲဒီအချက်အလက် အဓိကအားဖြင့် ဒီ ၃ ချက်ကို လက်ခံမယ်ဆိုရင်တော့ ဒီနိုင်ငံရေးပြဿနာ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့အတွက် တွေ့ဆုံ ဆွေးနွေးပွဲဆိုတာ ဖြစ်လာမှာပါ။ အဲဒီအချက်တွေကို လက်မခံဘဲနဲ့တော့ ဒီအတိုင်းလျှောက်လုပ်နေရင်တော့ ဘယ်လိုမှ လက်ခံလို့မရဘူး။ လက်မခံဘူးဆိုရင်လည်း ဖိအားတွေ ဆက်ပေးသွားမှာပဲ။ နိုင်ငံရေးအရ ရော စစ်ရေးအရရော၊ သံတမန်ရေးအရရော၊ စီးပွားရေး ပိတ်ဆို့မှုအပါအဝင် လူထုလှုပ်ရှားမှု ပါမကျန် ပြည်တွင်းရော ပြည်ပရော အင်အားနဲ့ ပေါင်းစည်းပြီး ဆက်တွန်းရမှာဖြစ်တယ်” ဟု KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက လာမည့်အောက်တိုဘာလ ၁ ရက်နေ့တွင် သန်း ခေါင်စာရင်းနှင့်အတူ မဲစာရင်း ကောက်ယူမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် ရွေး ကောက် ပွဲကျင်းပမည်ဖြစ်ကြောင်း ကြေညာထားသော်လည်း တော်လှန်ရေးအင်အားစုများက စစ်ကောင်စီ၏ ရွေးကောက်ပွဲကို လက်ခံခြင်းမရှိသည့်အပြင် စစ်ကောင်စီ၏ ရွေးကောက်ပွဲမှာ ပြည်သူလူထု၏ ဆန္ဒကို ဆန့်ကျင်သော လုပ် ရပ် ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာနေကြသည်။