ကမ်းထောင်းကြီးမြို့ လေကြောင်းတိုက်ခိုက်ခံရမှု ULA/AA အဖွဲ့ အယောက် ၆၀ ကျော် သေဆုံးတယ်လို့ သိရ

by

in

ကမ်းထောင်းကြီးမြို့ လေကြောင်းတိုက်ခိုက်ခံရမှု ULA/AA အဖွဲ့ အယောက် ၆၀ ကျော် သေဆုံးတယ်လို့ သိရ
စက်တင်ဘာ ၂၆ – ၂၀၂၄
SS (VOM)
ရခိုင်ပြည်နယ်ရှိ ကမ်းထောင်းကြီးမြို့ လေကြောင်းတိုက်ခိုက်ခံရမှု ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) နဲ့ အာရက္ခတပ်တော် (AA) အဖွဲ့ အယောက် ၆၀ ကျော် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၃၀ ဝန်းကျင် ရှိခဲ့တယ်လို့ ရခိုင်ပြည်နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ကမ်းထောင်းကြီးမြို့ဟာ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်မှာ ပါဝင်ပြီး မနေ့ စက်တင်ဘာ ၂၅ ရက်၊ ညနေ ၄ နာရီဝန်းကျင်က ဂျက်လေယာဉ် နှစ်စီးနဲ့ တိုက်ခိုက်ခံခဲ့ရတာဖြစ်လို့ သိရပါတယ်။
“လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခံရတဲ့နေရာတွေက AA ရုံးစိုက်ထားတဲ့ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) ရုံးနဲ့ မြေယာစိစစ်ရေးရုံးတွေပါ။ အခု AA က မြေယာစိစစ်ရေးရုံးလုပ်ထားတဲ့ နေရာက အရင်က နစကရဲ့ အထွေထွေအုပ်ချုပ်ရေး ရိပ်သာပေါ့။ ကမ်းထောင်းကြီးမှာ သူတို့ နေရာယူထားတာက အစိုးရအဆက်ဆက် ရုံးလုပ်တဲ့ အဆောက်အအုံတွေမှာပဲ နေရာယူထားတာ” လို့ ရခိုင်ပြည်နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
အဲဒီ လေကြောင်းတိုက်ခိုက်မှုမှာ အရပ်သား ထိခိုက်သေဆုံး၊ ဒဏ်ရာရမှုတွေလည်း ရှိခဲ့တယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပြီး ကမ်းထောင်းကြီးမြို့၊ ရွာသာယာရပ်ကွက်ရှိ မြောက်ကျောင်းနဲ့ ကျောင်းအနီးရှိ နေအိမ်တွေမှာ လက်နက်ကြီး ကျရောက်ခဲ့တာကြောင့် အရပ်သား နှစ်ယောက် သေဆုံးခဲ့ကာ ခုနစ်ယောက် ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူတွေဟာ ရွာသာယာရပ်ကွက်က အသက် ၁၁ နှစ်အရွယ် မရွှေဇင်ဝင်းနဲ့ ၃၈ နှစ်အရွယ် ဦးမောင်သန်းဌေးတို့ဖြစ်ပြီး ဒဏ်ရာရရှိသူတွေကတော့ ဦးနီနီကျော်၊ ဦးမောင်သောင်းယဉ်၊ ဒေါ်သိန်းရွှေနု၊ ဦးကျော်မြ၊ ဒေါ်ကျော့စိန်လှ၊ ဦးအောင်လှဦးနဲ့ အသက် ၁၁ နှစ်အရွယ် မထက်ထက်အေးတို့ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်၊ ညနေပိုင်းကလည်း AA ထောက်ပို့စခန်းချရာ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ တန်းလွဲ ရာမမြို့နယ်ခွဲကို နစက က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် လူသေဆုံးမှုရှိခဲ့ကာ AA ရဲ့ ထောက်ပို့ပစ္စည်းတွေထားရာ အဆောက်အအုံတချို့ ပျက်စီးသွားတယ်လို့ သိရပါတယ်။
Photo:CJ