လက်နက်ကိုင်တိုက်ပွဲအစား နိုင်ငံရေးစကားဝိုင်းစလိုကြောင်း PDF များနှင့် တိုင်းရင်းသားလက်နက်ကိုင်များကို စစ်ကောင်စီတောင်းဆို

by

in

လက်နက်ကိုင်တိုက်ပွဲအစား နိုင်ငံရေးစကားဝိုင်းစလိုကြောင်း PDF များနှင့် တိုင်းရင်းသားလက်နက်ကိုင်များကို စစ်ကောင်စီတောင်းဆို
—–
• လက်နက်စွန့်ပြီး ပါတီထောင်ကာ စစ်တပ်ကြီးကြပ်မည့်ရွေးကောက်ပွဲဝင်ရန် စစ်ကောင်စီအဆိုပြု
• PDF ကိုဖိတ်ခေါ်သော်လည်း NUG ကိုချန်လှပ်ထား
• အာဏာရှင်ဟောင်းဗိုလ်ချုပ်သန်းရွှေကလည်း ၂၀၁၀ တွင်အလားတူကမ်းလှမ်းမှုများပြုလုပ်ခဲ့
Myanmar Now

Myanmar’s junta chief Min Aung Hlaing attends a ceremony to mark the 8th anniversary of the Nationwide Ceasefire Agreement (NCA) in Naypyidaw on October 15, 2023. (Photo by AFP)

အာဏာသိမ်းစစ်ကောင်စီသည် ၎င်းတို့ကိုဆန့်ကျင်တော်လှန်နေကြသည့် PDF များ၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် လက်နက်ကိုင်တိုက်ခိုက်မှုများအစား နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပလိုကြောင်း စစ်ကောင်စီက ထိုအဖွဲ့များကို ယနေ့တွင်တောင်းဆိုလိုက်သည်။
စစ်ကောင်စီက ‘နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ကမ်းလှမ်းမှု” ဟုခေါင်းစဉ်တပ်ပြီး ယနေ့ည မြန်မာစံတော်ချိန် ည ၈ နာရီသတင်းတွင် ထည့်သွင်းကြေညာခဲ့ခြင်းဖြစ်သည်။
ထိုကြေညာချက်တွင်ပါဝင်သည့် စစ်ကောင်စီ၏အဆိုပြုချက်တွင် လက်နက်ကိုင် တော်လှန်နေသူများ အနေဖြင့်လက်နက်စွန့်ပြီး နိုင်ငံရေးပါတီထောင်ကာ ၎င်းတို့ကြီးကြပ်မည့် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ရန် ပါရှိသည်။
အာဏာရှင်ဟောင်း ဗိုလ်ချုပ်သန်းရွှေသည်လည်း ၂၀၁၀ ရွေးကောက်ပွဲမကျင်းပမီက တိုင်းရင်းသား လက်နက်ကိုင်များကို ကမ်းလှမ်းမှုမျိုးပြုလုပ်ခဲ့သည်။ ထိုစဉ်ကစစ်တပ်၏အစီအမံကို သဘောတူခဲ့သည့် လက်နက်ကိုင်အဖွဲ့များသည် စစ်တပ်အောက် နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်များဖြစ်သွားပြီး ကချင်တပ် KIA ကဲ့သို့သော ငြင်းဆန်သည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များကို စစ်တပ်ကတိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီ၏ကမ်းလှမ်းမှုတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF များပါဝင်သော်လည်း PDF များကိုဖွဲ့စည်းခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုတော့ ထည့်သွင်းခဲ့ခြင်းမရှိပါ။
နိုင်ငံရေးစကားပြောမည်ဆိုသည့် စစ်ကောင်စီက ကမ်းလှမ်းချက်ထဲတွင် ၎င်းတို့ဖိတ်ခေါ်သည့် PDF များ၊ တိုင်းရင်းသားလက်နက်ကိုင်များ အကြမ်းဖက်အဖွဲ့များဟု ဆက်လက်သုံးဆွဲခဲ့သည်။
အာဏာရNLD ပါတီကို ၂၀၂၀ ရွေးကောက်ပွဲတွင် စစ်တပ်လိုလားသည့်ပါတီများ အပြတ်သတ်ရှုံးနိမ့်သဖြင့် အာဏာသိမ်းခဲ့သော်လည်း စစ်ကောင်စီက ၎င်းတို့အာဏာသိမ်းရသည်က မဲမသမာမှုကြောင့်ဆိုသည့် တစ်ဖက်သတ် အကြောင်းပြချက်ကို ဆက်လက်ကိုင်ဆွဲထားသည်။
စစ်ကောင်စီသည် အောက်တိုဘာ ၁ ရက်တွင် သန်းခေါင်စာရင်းကောက်မည်ဖြစ်ပြီး ထိုသန်းခေါင်စာရင်းကို အခြေခံပြီး ရွေးကောက်ပွဲကျင်းပမည်ဟု ကြေညာထားသည်။ စစ်တပ်က ၎င်းတို့ကြီးကြပ်မည့် ရွေးကောက်ပွဲကျင်းပမည့်နေ့ကို ထုတ်ဖော်ပြောဆိုထားခြင်းမရှိသေးပါ။
စစ်တပ်ကြီးကြပ်မည့် ရွေးကောက်ပွဲကို လက်မခံရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် အတိုက်အခံများက တိုက်တွန်းထားသည်။
ငြိမ်းချမ်းရေးကမ်းလှမ်းသည်ဟု စစ်ကောင်စီက ထုတ်ပြန်ကြေညာသော်လည်း စက်တင်ဘာလအတွင်း စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည်။
ဓာတ်ပုံများ – AFP နှင့် စစ်ကောင်စီ