လားရှိုးလေယာဉ်ကွင်းကို MNDAA တပ်များက သိမ်းပိုက်ပြီးနောက် အရှေ့ မြောက်တိုင်းစစ်ဌာနချုပ် ဧည့်ရိပ်သာထဲထိ မဟာမိတ်တပ်များ ထိုးဖောက်ဝင်ရောက်

by

in

လားရှိုးလေယာဉ်ကွင်းကို MNDAA တပ်များက သိမ်းပိုက်ပြီးနောက် အရှေ့ မြောက်တိုင်းစစ်ဌာနချုပ် ဧည့်ရိပ်သာထဲထိ မဟာမိတ်တပ်များ ထိုးဖောက်ဝင်ရောက်
ရန်ကုန်၊ ဩဂုတ် ၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဧရိယာအတွင်းရှိ လားရှိုးလေယာဉ်ကွင်းကို MNDAA တပ်များက ဇူလိုင်လ ၃၀ ရက်နေ့တွင် သိမ်းပိုက်လိုက်ပြီး ယမန်နေ့ညပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဧည့်ရိပ်သာအထိ ဝင်ရောက်လာပြီဖြစ်ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်နှင့် နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်များထံမှ သိရှိရသည်။
လားရှိုးလေဆိပ်နှင့် လေယာဉ်ကွင်းကို ဇူလိုင်လ ၃၀ ရက်နေ့နှင့် ဇူလိုင်လ ၃၁ ရက်နေ့တို့တွင် ဆက်တိုက်သိမ်းပိုက်ပြီး လေယာဉ် ကွင်းအကျော် အားကစားကွင်းကိုလည်း ထပ်မံသိမ်းပိုက်ခဲ့ကြောင်း၊ ယင်းနောက် ယမန်နေ့ဇူလိုင်လ ၃၁ ရက်နေ့ ညနေပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းဧည့်ရိပ်သာအတွင်း ပိုင်းအထိ မြောက်ပိုင်းမဟာမိတ်တပ်များ ဝင်ရောက် လာခြင်းဖြစ် ကြောင်း သိရှိရသည်။
“အနီးကပ်တိုက်ပွဲတွေဖြစ်တယ်လို့ သိရတယ်။ မြောက်ပိုင်းတပ်တွေက ၀ိုင်းပိတ်ဆို့ထားလို့ အထဲက စစ်သားရော ပြည်သူ့စစ်တွေရော လက်နက်တွေ ဖွက်ပြီး အရပ်ဝတ်တွေလဲပြီး ရသလို ဆုတ်ခွာကြတယ်။ ဒီမနက်တော့ အခြေအနေအသေးစိတ် မသိရသေးဘူး။ မနေ့ညပိုင်းအထိကတော့ ရမခတိုင်းဧည့်ရိပ်သာထဲကို မြောက်ပိုင်း တပ်တွေအလုံးအရင်းနဲ့ဝင်လာတယ်လို့ သိရတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မြောက်ပိုင်းမဟာမိတ် သတင်းရင်းမြစ်ကလည်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အတွင်းထဲအထိ တော်လှန်ရေး တပ်များရောက်ရှိနေပြီဖြစ်ပြီး ရမခအတွင်းတွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နယ်မြေရှင်းလင်းခြင်းနှင့် တိုက်ခိုက်သိမ်းပိုက်မှုများကို ဆက်တိုက် လုပ်ဆောင်နေကြောင်း၊ အသေးစိတ်အခြေအနေများကို သက်ဆိုင်ရာက ထုတ်ပြန် လိမ့်မည်ဖြစ်ကြောင်း၊ ရမခစစ်ဌာနချုပ်အတွင်းပိုင်းသို့ ထိုးဖောက်ဝင်ရောက်လာမှုတွင် စစ်သားအလောင်းများ၊ လက်နက်ခဲယမ်းများ ဆက်တိုက် သိမ်းဆည်းရရှိမှုရှိကြောင်း ပြောဆိုသည်။
MNDAA တပ်များက ဇူလိုင်လ ၃ ရက်နေ့မှစတင်ပြီး လားရှိုးမြို့နယ်ကို စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လ ၂၅ ရက်နေ့တွင် လားရှိုးမြို့နယ်တစ်ခုလုံးကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း ကြေညာခဲ့ကာ အုပ်ချုပ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန် ကြေညာထားသည်။