လုံခြုံရေးအရ ရွေးကောက်ပွဲကို အပိုင်း လိုက်ခွဲခြား ပြုလုပ်မည်ဖြစ်ပြီး မြောက်ပိုင်းမဟာမိတ်တပ်များ သိမ်းပိုက်ထားသော လားရှိုး၊ နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် မိုးကုတ်တွင် စစ်တပ်က လုံခြုံရေး အရှိန်အဟုန်မြှင့်မည်ဟု မင်းအောင်လှိုင် ပြော

by

in

လုံခြုံရေးအရ ရွေးကောက်ပွဲကို အပိုင်း လိုက်ခွဲခြား ပြုလုပ်မည်ဖြစ်ပြီး မြောက်ပိုင်းမဟာမိတ်တပ်များ သိမ်းပိုက်ထားသော လားရှိုး၊ နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် မိုးကုတ်တွင် စစ်တပ်က လုံခြုံရေး အရှိန်အဟုန်မြှင့်မည်ဟု မင်းအောင်လှိုင် ပြော
ရန်ကုန်၊ ဩဂုတ် ၁
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လုံခြုံရေးအခြေအနေအရ ရွေးကောက်ပွဲကို အပိုင်းလိုက်ခွဲခြား ပြုလုပ်သွားမည်ဖြစ်ကြောင်း ယမန်နေ့ နေပြည်တော်တွင် ကျင်းပခဲ့သည့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ပြောဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ရွေးကောက်ပွဲကျင်းပပြုလုပ်မည်ဖြစ်ကြောင်း၊လုံခြုံရေးအခြေအနေပေါ် မူတည်ပြီး ရွေးကောက်ပွဲ ပြုလုပ်နိုင်သည့် နယ်မြေများကို ဦးစွာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း၊ လတ်တလော လုံခြုံရေးအခြေအနေအရ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိသေးသော နယ် မြေများကိုလည်း လုံခြုံရေးတိုးမြှင့်ကောင်းမွန်အောင် ဆောင်ရွက်ပြီး ရွေးကောက်ပွဲ ကဆက်လက်ကျင်းပနိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ဆိုသည်။
ထို့ပြင် လက်ရှိ​ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုး၊ နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် မိုးကုတ်ဒေသတို့တွင် ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ကြောင်း၊ ယင်းဒေသများ တည်ငြိမ်အေးချမ်းရေး အတွက် စစ်ကောင်စီက လုံခြုံရေးပိုင်းနှင့် ပတ်သက်ပြီး လုပ်သင့်လုပ်ထိုက်သည်များကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည်ဟု အကြမ်းဖက် မင်းအောင်လှိုင်က ဆိုသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး၊ နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် မိုးကုတ်ဒေသများမှာ MNDAA ၊ TNLA ဦးဆောင်သော မြောက်ပိုင်းမဟာမိတ်တပ်များနှင့် တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ထားသော ဒေသများဖြစ်ပြီး ယခုလက်ရှိအချိန်အထိ ယင်းဒေသများတွင် တိုက်ပွဲများ အပြင်းအထန် ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရှိရသည်။