ရမည်းသင်းမှာ ကမ်းပါးပြိုကျလို့ အမျိုးသမီးတယောက် သေဆုံးပြီး ၁၁ ယောက် ဒဏ်ရာရ

by

in

ရမည်းသင်းမှာ ကမ်းပါးပြိုကျလို့ အမျိုးသမီးတယောက် သေဆုံးပြီး ၁၁ ယောက် ဒဏ်ရာရ
စက်တင်ဘာ ၂၂ – ၂၀၂၄
SS (VOM)

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ ကင်းရွာမှာ မနေ့ စက်တင်ဘာလ ၂၁ ရက်နေ့၊ မွန်းလွဲ ၃ နာရီဝန်းကျင်က ချောင်းကမ်းပါး ပြိုကျမှုကြောင့် အမျိုးသမီးတယောက် သေဆုံးပြီး ၁၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“သူက မြေပိလို့သေတာမဟုတ်ဘူး။ မြေပြိုကျတဲ့ နေရာကနေပြီးသူက သပြေပင်ချောင်းထဲကိုကျတာ။ အဲဒီမှာ မိုးရွာတဲ့အချိန်လည်းဖြစ်နေတော့ ချောင်းကရေက ဝုန်းကနဲ စီးချလိုက်တဲ့အချိန်မှာ သူ့ကို ရေလှိုင်းက ရိုက်သလိုဖြစ်ပြီး ကျောက်ဆောင်နဲ့ခေါင်းနဲ့ ရိုက်မိပြီး သေသွားတာ။ အခု မြေပြိုကျတဲ့နေရာက အရင်က ရေကြီးထားတဲ့အခံကလည်း ရှိနေတော့ သဲတွေ ပြိုကျနေတာရှိတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
သေဆုံးသူဟာ အသက် ၄၀ ဝန်းကျင်အရွယ် အိမ်ထောင်သည် အမျိုးသမီးတယောက်ဖြစ်ကာ ကလေး ခြောက်ယောက်ကျန်ခဲ့ပြီး အဲဒီ ကလေးတွေထဲမှာ ရှစ်လသားအရွယ် ကလေးငယ် တယောက်ပါ ပါဝင်နေတယ်လို့ သိရပါတယ်။
အဲဒီ အခင်းဖြစ်ပွားရာ နေရာဟာ ရွှေလုပ်ကွက် အကြီးမဟုတ်ဘဲ တနိုင်တပိုင် ရွှေကျင်လုပ်ငန်း လုပ်ကိုင်ကြတဲ့ လုပ်ကွက်ဖြစ်ပြီး ဒီအဖြစ်စဥ်အတွင်း ထိခိုက်ဒဏ်ရာ ရရှိသူတွေထဲမှာ အရိုးကျိုးဒဏ်ရာ ရရှိသူတွေပါဝင်ပေမယ့် အသက်အန္တရာယ် စိုးရိမ်ရတဲ့ အနေအထားတော့ မဟုတ်ကြဘူးလို့ သူက ပြောပါတယ်။
လက်ရှိမှာ သေဆုံးသူနဲ့ ဒဏ်ရာ ရရှိသူတွေကို ပရဟိတ ကယ်ဆယ်ရေး အသင်းအဖွဲ့တွေက ရမည်းသင်းမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
ကင်းရွာဟာ မိုးထိမိုးမိ ရွှေလုပ်ကွက်အောက်ရှိ ကျေးရွာတရွာဖြစ်ပြီး အဲဒီရွာအနီးက သပြေပင်၊ ချောင်းဖျား စတဲ့ ရွာတွေမှာ ပြီးခဲ့တဲ့ စက်တင်ဘာ လလယ်ပိုင်းတုန်းက မိုးသည်းပြီး ရုတ်တရက် ရေကြီး၊ မြေပြိုမှုတွေကြောင့် လူဒါဇင်နဲ့ချီ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Photo:CJ