ရန်ကုန်မှာ အိမ်ခြေရာမဲ့တွေအပါအဝင် လူငယ်တွေကို အိမ်အထိ လိုက်ဖမ်းပြီး စစ်ကောင်စီလူစုနေ

by

in

ရန်ကုန်မှာ အိမ်ခြေရာမဲ့တွေအပါအဝင် လူငယ်တွေကို အိမ်အထိ လိုက်ဖမ်းပြီး စစ်ကောင်စီလူစုနေ
CJ Platform

အဓမ္မနည်းအမျိုးမျိုးနဲ့ စစ်ထဲထည့်ဖို့ပြင်နေတဲ့ စစ်ကောင်စီဟာ လာမယ့်စစ်မှုထမ်းအပတ်စဉ်တွေအတွက် ရန်ကုန်တိုင်းအတွင်း အိမ်ခြေရာမဲ့တွေအပါအဝင် လူငယ်တွေကို အိမ်အထိ ၎င်းတို့လက်အောက်ခံတွေက လိုက်ဖမ်းပြီး လူစုနေတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
ထန်းတပင်၊ မရမ်းကုန်း၊ ကမာရွတ်နဲ့ ဒဂုံမြို့သစ်(အရှေ့ပိုင်း) စတဲ့မြို့နယ်တွေဘက်က ရပ်ကွက်တချို့မှာ စစ်မှုထမ်းစာရင်းပါတယ်ဆိုပြီး လူငယ်တချို့ကို စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေ၊ ပျူစောထီးအဖွဲ့တွေက အဓမ္မခေါ်ဆောင်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ အဲဒီမြို့ခံတွေဆီကနေ သိရပါတယ်။
စက်တင်ဘာလ ပထမပတ်အတွင်းမှစတင်ခဲ့တဲ့ အပတ်စဉ် ၅ အတွက် ထန်းတပင်မြို့နယ်ထဲက လူငယ်အယောက် ၂၀ အထိခွဲတမ်းပေးခဲ့ရပြီး ဒါဟာ အရင်အပတ်စဉ်တွေကထက် ဆယ်ဆခန့်အထိ မြင့်တက်သွားတာဖြစ်တယ်လို့ အဲဒီမြို့နယ် ရခိုင်ရိုးလေးကျေးရွာနေ အသက် ၅၀ နှစ်ဝန်းကျင်ရှိ အမျိုးသားတစ်ဦးက ပြောပါတယ်။
“တချို့ကောင်လေးတွေကျ အလုပ်နဲ့ဆိုတော့ မခေါ်လောက်ဘူးထင်ပြီး ဒီအတိုင်းနေကြတာ။ အိမ်အထိကို အဖွဲ့နဲ့ရောက်လာပြီးခေါ်တာ။ အရင်အပတ်စဉ်တွေတုန်းက တစ်ရပ်ကွက်ကို နှစ်ဦးကနေ သုံးဦးပဲ။ အခုက လူမပြည့်လို့ဆိုပြီးလုပ်တာ” လို့ ၎င်းက ပြောပါတယ်။
ဒါ့အပြင် မရမ်းကုန်းမြို့နယ်အတွင်းရှိ အိမ်ခြေရာမဲ့ လူငယ်တချို့ကိုလည်း စစ်မှုထမ်းစာရင်းပါတယ်လို့ဆိုကာ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ အဲဒီမြို့နယ်၊ အမှတ် ၁ ရပ်ကွက်နေ အသက် ၅၀ ဝန်းကျင်ရှိ အမျိုးသားတစ်ဦးက ပြောပါတယ်။
“ဒီဘက်မှာတော့ အုပ်ကြီးက ဦးဆောင်ပြီး စာရင်းပါတယ်ဆိုပြီး ဘုရင့်နောင်ပွဲရုံထဲက ဂိမ်းဆိုင်တွေမှာ ကောင်လေးတွေကို ဝင်ခေါ်တာ။ နေ့လယ်နေ့ခင်း ဒီနားက ဘုရား‌၊ စေတီတွေမှာ အိပ်နေတဲ့ အိမ်ရာမဲ့လူတွေကိုလည်း လိုက်ခေါ်နေတာ။ ကြည့်ရတာ အဲဒီစစ်မှုထမ်း လူမပြည့်လို့ အတင်းဆွဲထည့်မယ် ထင်ပါတယ်” လို့ ၎င်းက ပြောပါတယ်။
ဒါ့အပြင် ကမာရွတ်မြို့နယ်၊ လှည်းတန်းဈေးအနီးတစ်ဝိုက်က ရပ်ကွက်တွေရှိ လူငယ်တချို့လည်း စစ်မှုထမ်းဖို့ အိမ်တိုင်ရာရောက် လာရောက်ခေါ်ဆောင်ခံရတာတွေရှိသလို အရှေ့ဒဂုံမြို့နယ်ဘက်မှာလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးလူမိုက်အဖွဲ့ဝင်တွေက အဓမ္မဖမ်းဆီးခေါ်ဆောင်တာတွေ ရှိနေတယ်လို့ အဲဒီအကြောင်းသိရှိထားသူ မြို့ခံတွေဆီကနေ သိရပါတယ်။
ရန်ကုန်မှာ စစ်မှုထမ်းဖို့ မဲပေါက်တာကိုအကြောင်းပြပြီး စစ်သင်တန်းမလိုက်လိုသူတွေအတွက် လူစားထိုးဖို့၊ အစားလိုက်သူတွေကို ထောက်ပံ့ဖို့ စတဲ့အကြောင်းပြချက်တွေနဲ့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေဦးဆောင်ပြီး ငွေတောင်းတာတွေကို လုပ်‌နေတာပါ။
လတ်တလော စစ်မှုထမ်းသင်တန်း အပတ်စဉ် ၅ ကို စစ်ကောင်စီက စက်တင်ဘာလ ၅ ရက်နေ့က စတင်နေပြီး ပြီးခဲ့တဲ့ အပတ်စဉ်‌တွေမှာ ပါသွားတဲ့ရန်ကုန်က လူငယ်တချို့လည်း ရှေ့တန်းစစ်မြေပြင်တွေကို ပို့ဆောင်ခံရပြီးနောက် တိုက်ပွဲအတွင်း သေဆုံးရမှုတွေလည်းရှိတယ်လို့ သိရပါတယ်။
အသက် ၂၄ ကနေ ၃၀ နှစ်ကြားရှိ လူငယ်လူရွယ်တွေကို စစ်ကောင်စီက စစ်သားအဖြစ် အဓိကထား စုဆောင်းနေပြီး အဲဒီ အသက်အပိုင်းအခြားရှိ လူငယ်တွေကို ပြည်ပထွက်အလုပ်လုပ်ခွင့်တွေပါ ကန့်သတ်ထားပါတယ်။
🖋ကိုထက်
ဓာတ်ပုံ – Pro-SAC