ပန်းတောင်းမြို့နယ်၊ ပြည်မြို့နှင့် ဝါးခယ်မမြို့နယ်တို့တွင် စစ်မှုထမ်းရန် လူငယ်များကို ဖမ်းဆီးခြင်းနှင့် ငွေခြိမ်းခြောက် တောင်းခံမှုများ အကြီးအကျယ် ဖြစ်နေ

by

in

ပန်းတောင်းမြို့နယ်၊ ပြည်မြို့နှင့် ဝါးခယ်မမြို့နယ်တို့တွင် စစ်မှုထမ်းရန် လူငယ်များကို ဖမ်းဆီးခြင်းနှင့် ငွေခြိမ်းခြောက် တောင်းခံမှုများ အကြီးအကျယ် ဖြစ်နေ
ရန်ကုန်၊ စက်တင်ဘာ ၂၃

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ပြည်မြို့နှင့် ဧရာ၀တီတိုင်း ဝါးခယ်မမြို့တို့တွင် စစ်မှုထမ်းရန်အတွက် လူငယ်များကို ဖမ်းဆီးခြင်း၊ ငွေကြေး ခြိမ်းခြောက်တောင်းခံမှုများကို စစ်တပ်နှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များက အကြီးအကျယ် ပြုလုပ်နေကြောင်း​ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၁၉ ရက်နေ့ ပဲခူးတိုင်း အနောက်ခြမ်း ပြည်ခရိုင် ပန်းတောင်းမြို့နယ် ထိပ်ပေါက်ကျေးရွာအုပ်စု၊ ထိပ်ပေါက်ရွာကျေးရွာအုပ် ချုပ်ရေးမှူး ကြည်မြင့် ၊ ရာအိမ်မှူး အေးဝင်း၊ ဆယ်အိမ်မှူးများဖြစ်ကြသည့် မြင့်ရွှေ၊ ဖိုးပု၊ သိန်းဦး၊ မျိုးပု နှင့် ကြံ့ဖွတ်ပါတီ စည်းရုံးရေးမှူး လှမင်းတို့က ထိပ်ပေါက်ကျေးရွာအုပ်စုအတွင်းမှ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်းရှိသော လူငယ်များကို အတင်းအဓမ္မ စစ်သားစုဆောင်းမှုများ လုပ်ဆောင်လာကြောင်း ၊ ထို့ပြင် စစ်မှုမထမ်းရသော နေအိမ်များမှ တစ်အိမ်လျှင် ငွေကျပ် ၁၅၀၀၀ ကျပ် အတင်းအဓမ္မ ကောက်ခံကာ တိုင်ချင်ရာ တိုင်ဟု ပြောဆိုခဲ့ကြောင်း သိရှိရသည်။
“လူငယ်ရှိတဲ့ အိမ်တိုင်းကို မှတ်ပုံတင် အိမ်ထောင်စုစာရင်း တောင်းပြီး ဒီလာမယ့် စစ်မှုထမ်း အပတ်စဉ် ၆ အတွက် မဖြစ်မနေ စစ်မှုထမ်းရမယ်ဆိုပြီး စာရင်းကောက်တယ်။ အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်အတွင်း အားလုံးပါ။ မဲမနှိုက်ဘူး။ အားလုံး စစ်မှုထမ်းရမယ်။ မထမ်းရင် ဖမ်းမယ်။ ကျန်ခဲ့တဲ့လပိုင်းတုန်းကလည်း တစ်အိမ်ကို ငွေ ၁၅၀၀၀ ကျပ် စစ်မှုမထမ်းရတဲ့အိမ်တိုင်းဆီက ကောက်တယ်။ တိုင်ချင်ရာတိုင်လို့ ပြောတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ပဲခူးတိုင်း၊ ပြည်မြို့ ၊ မှော်ဇာအုပ်စု၊ တောင်လုံးညိုကျေးရွာတွင် ၁၄ ရွာအုပ်ချုပ်ရေးမှူး အေးထွန်းက စစ်မှုထမ်းဥပဒေအကြောင်း ပြ၍ လူငယ်များကို ဝင်ရောက် ဖမ်းဆီးခြင်း၊ ပြည်သူများထံမှ ငွေကြေး ခြိမ်းခြောက်တောင်းခံခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။
“စစ်မှုထမ်းဥပဒေဆိုပြီး စစ်သားတွေကို သူကဦးဆောင်ပီး လူငယ်တွေကိုဝင်ဆွဲတယ်။ ပိုက်ဆံတွေလည်း ကောက်တယ်။ လောင်းကစားလုပ်တယ်။ သူရှုံးလာရင် ဆက်ကြေးကောက်ရော၊ ရဲရော စစ် သားရော သူ့လက်အောက်ကဖြစ်နေတာ။ သူသွားရင်တယောက်တည်းမသွားဘူး။ မှော်ဇာ ပြတိုက် နားက ရဲကင်းမှာ သွားလိုက် လာလိုက်ပါ” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။
ထို့ပြင် ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ် ဘိုးဘေးအညာစုကျေးရွာ အုပ်ကြီး ချစ်ကို နှင့် သပြေချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး အေးမြင့်တို့က ပြည်သူများထံမှ ငွေကြေးများ တောင်းခံနေကြောင်း သိရှိရသည်။
“ဘိုးဘေးအညာစု ကျေးရွာမှာ ပြည်သူတွေကို စစ်မှုထမ်းဖို့ အစည်းဝေး လုပ် ပြီး တစ်အိမ်ထောင်လျှင် ငွေ ခြောက်သောင်း မဖြစ်မနေပေးရမယ်လို့ ခြိမ်းခြောက် ပြောဆိုပါတယ်။ လက်လုပ် လက် စားတွေမှာ ငွေပေးဖို့ အခက်ခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်” ဟု ဘိုးဘေးအညာစုကျေးရွာမှ ပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့အတူ ဝါးခယ်မမြို့၊ သပြေချောင်းကျေးရွာမှ အုပ်ချုပ်ရေးမှူး အေးမြင့်က ကျေးရွာမှ အိမ်ထောင် စု တစ်စုလျှင် ငွေကျပ် ၁၂၀၀၀ နှုန်းဖြင့် ကောက်ခံနေကြောင်း သိရှိရသည်။
ဓာတ်ပုံ- ရန်ကုန်တိုင်းတွင် စစ်မှုထမ်းရန် စုဆောင်းခဲ့ရသော လူငယ်များ။