သန်လျင်နှင့် ကော့မှူး မြို့နယ်ရှိ ကျေးရွာများတွင် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်း ဥပဒေနှင့် ကင်းစောင့်ရန် အကြောင်းပြ၍ ပြည်သူများထံမှ ငွေကြေး အမျိုးမျိုး တောင်းခံ

by

in

သန်လျင်နှင့် ကော့မှူး မြို့နယ်ရှိ ကျေးရွာများတွင် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်း ဥပဒေနှင့် ကင်းစောင့်ရန် အကြောင်းပြ၍ ပြည်သူများထံမှ ငွေကြေး အမျိုးမျိုး တောင်းခံ
ရန်ကုန်| ဩဂုတ် ၇
ရန်ကုန်မြို့၊ သန်လျင်မြို့နယ်နှင့် ကော့မှူးမြို့နယ်ရှိ ကျေးရွာများတွင် အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်း ဥပဒေနှင့် ကင်းစောင့်ရန် အကြောင်းပြ၍ ပြည်သူများထံမှ ငွေကြေး အမျိုးမျိုး တောင်းခံနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ကော့မှူးမြို့နယ်ရှိ ဇလုတ်ကြီးကျေးရွာနှင့် အဖျောက်ကျေးရွာတို့တွင် အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများက စစ်မှုမထမ်းလိုသော လူငယ်များကို ၁ ဦးလျှင် ၃၀၀၀၀ သောင်းကျပ် တောင်းခံပြီး ပိုက်ဆံရှိ သင်္ဘောသားများကို စစ်မှုထမ်း ကင်းလွတ်ခွင့်ပေးထားပြီး အခွန်‌ငွေပေးဆောင်ရကြောင်း၊ ထို့ပြင် ကျေးရွာ လုံခြုံရေး အကြောင်းပြ၍ ကင်းကြေးများလည်း အဓမ္မလိုက်လံ ကောက်ခံမှုများ ရှိကြောင်း သိရသည်။
“ဇလုတ်ကြီးကျေးရွာမှာ အုပ်ချုပ်ရေးမှူးနဲ့ စစ်ခွေးတွေ ပူးပေါင်းပြီး ကင်းစောင့်ခိုင်း မစောင့်နိုင်တဲ့ အမျိုးသားမရှိတဲ့ အိမ်ကို အတင်းအကြပ် ပိုက်ဆံတောင်းပါတယ်။ လူပါးဝနေကြပါတယ်။ အဖျောက်ကျေးရွာမှာလည်း အုပ်ချုပ်ရေးမှူးက တော်တော်ဆိုးနေပါတယ်။ ရွာထဲမှာ စစ်မှုထမ်းဖို့ အဓမ္မ လှုံဆော်နေပါတယ်။ မထမ်းနိုင်ရင် ၁ ဦးကို သုံးသောင်းနဲ့ ၂ ဦးရှိရင် ခြောက်သောင်း ကောက်ခံနေပါတယ်။ သင်္ဘောသားတွေကိုတော့ ကင်းလွတ်ခွင့်ပေးတယ်ဆိုပြီး အခွန်ကောက်ခံနေပါတယ်” ဟု ဒေသပြည်သူများက ပြောဆိုသည်။
အလားတူ သန်လျင်မြို့နယ် အိမ်ခြေ ၁၀၀၀ ခန့်ရှိသော ကုလားဝဲရွာတွင် အုပ်ချုပ်ရေးမှူး တင့်ဝမ် ၊ ရာအိမ်မှူး သန်းထွန်းအောင် ၊ ကိုသန့် ၊ သန်းလွင် ၊ မောင်ဇော် ၊ ထွန်းနိုင် ၊ ကျော်စွာ (ခေါ်) လေကြီး ၊ ဟန်စိုး နှင့် မိုးမှောင် (ခေါ်) မောင်မြ တို့ ပူးပေါင်း၍ စစ်မှုထမ်း ဥပဒေကို အကြောင်းပြ၍ တစ်အိမ်လျှင် ငွေကျပ် ၁၅ဝဝဝ လစဉ် လိုက်လံကောက်ခံနေကြောင်း သိရသည်။