ရွာလုံးကျွတ်ရေမြုပ်သွားတဲ့ ကျောက်အိုးကျေးရွာက ချင်းအမျိုးသား ၇၀ ကျော်ကို စစ်ကောင်စီက စစ်မှုထမ်းဖို့ ပြင်ဆင်ခိုင်း

by

in

ရွာလုံးကျွတ်ရေမြုပ်သွားတဲ့ ကျောက်အိုးကျေးရွာက ချင်းအမျိုးသား ၇၀ ကျော်ကို စစ်ကောင်စီက စစ်မှုထမ်းဖို့ ပြင်ဆင်ခိုင်း
CJ Platform

နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ကျောက်အိုးကျေးရွာက ချင်းအမျိုးသား ၇၀ ကျော်ကို စစ်ကောင်စီက စက်တက်ဘာလ ၁၉ ရက်နေ့က ခေါ်ဆောင်သွားပြီး ယမန်နေ့ စက်တင်ဘာလ ၂၀ ရက်နေ့မှာ ပြန်လွတ်ပေးကာ စစ်မှုထမ်းဖို့ ပြင်ဆင်ခိုင်းထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲ့ဒီ ချင်းအမျိုူသား ၇၀ ကျော်ဟာ ယခုနှစ် မတ်လ ပထမအပတ်နဲ့ ဧပြီလတွင်းမှာ ကျေးရွာအုပ်ချုပ်ရေးမှူးက စစ်သင်တန်းတက်ရောက်ဖို့ အတင်းအဓ္ဓမ စာရင်းပေးသွင်းခံထားရတဲ့သူတွေ ဖြစ်ပြီး အသက် ၁၄ နှစ်မှ အသက် ၄၆ နှစ်ကြား အမျိုးသားတွေ ဖြစ်တယ်လို့ သိရပါတယ်။
“မတ်လမှာ စာရင်းကောက်တုန်းက လူငယ်အတော်များများ နိုင်ငံခြားထွက်ပြေးကုန်တယ်။ အဲ့ဒါကြောင့် ဧပြီလမှာ စာရင်းထပ်ကောက်တဲ့အခါ လူငယ်တွေ၊ အသက်ကြီးပိုင်းတွေ အများပြား စစ်မှုထမ်းဖို့ စာရင်းပေးသွင်းခံရတာဖြစ်တယ်။”လို့ ကျောက်အိုးကျေးရွာက ချင်းအမျိုးသားတစ်ဦးက CJ Platform သို့ ပြောပါတယ်။
အဲ့ဒီ စစ်မှုထမ်းဖို့ စာရင်းပေးသွင်းခံရတဲ့ ချင်းအမျိုးသား ၇၀ ကျော်ကို စစ်ကောင်စီက စက်တက်ဘာလ ၁၉ ရက်နေ့က လယ်ဝေးမြို့ရှိ ခမရ ၆၀၄ တပ်ရင်း၊ ၆၀၅ တပ်ရင်းသို့ မိတ်ဆုံစားပွဲပြုလုပ်မယ်လို့ဆိုပြီး ကားဖြင့် လာရောက်ခေါ်ဆောင်သွားပြီးနောက် ပြန်မလွှတ်ပေးဘဲ တစ်ရက်တာ ထိန်းသိမ်းထားပါတယ်။
ထိန်းသိမ်းခံရတဲ့ ချင်းအမျိုးသားတွေကို စစ်ကောင်စီက အထက်က ယူနီဖောင်းချပေးတဲ့ခါ နှစ်ပတ်တာ စစ်သင်တန်း တက်ရောက်ရမယ်လို့ သိရပြီး သင်တန်းပြီးဆုံးပါက သူတို့ကို လစာတွေ ပေးအပ်သွားမယ်လို့ဆိုကာ စစ်သင်တန်းတက်ရောက်ဖို့ အသင့်ပြင်ခိုင်းထားပြီး ယမန်နေ့ ပြန်လွှတ်ပေးတယ်လို့ သိရပါတယ်။
” စစ်သားတွေ စစ်သင်တန်းပေးမယ်။ သင်တန်းပြီးရင် ကိုယ်ရွာမှာ အေးဆေးနေလို့ရတယ်။ အရံလူအတွက် လစာ ငါးသောင်းပေးမယ်။ အမာခံလူအတွက် လစာ နှစ်သိန်းပေးမယ်။ လောဆယ် အရံလူ ၂၀ ကျော်နဲ့ အမာခံလူ ၅၀ ခွဲခြားထားပါတယ်။ အမာခံတွေက စစ်သားတွေခေါ်တဲ့အချိန် နေ့ညအချိန်မရွေး လာရမယ်”လို့ ကျောက်အိုးဒေသခံတစ်ဦးက CJ Platform သို့ ပြောပါတယ်။
အဲ့ဒီ သင်တန်းတက်ရောက်မယ့် နေရာနဲ့ အချိန်တွေကို စစ်ကောင်စီက အတိကျမပြောသေးဘဲ ပြီးခဲ့တဲ့ ဧပြီလတုန်းက စစ်မှုထမ်းစာရင်းပါတဲ့သူတွေကို ကျေးရွာအုပ်ချုပ်ရေးမှူးက ရွာရဲ့ ဘောလုံးကွင်းမှာ စစ်သင်တန်းတက်ရောက်ရမယ်လို့ ပြောဆိုထားပါတယ်။
ကျောက်အိုးကျေးရွာဟာ အိမ်ခြေ ၄၀၀ ခန့်ရှိပြီး ချင်းလူမျိုးတွေနေထိုင်တဲ့ ကျေးရွာဖြစ်ပါတယ်။
လက်ရှိ ကျောက်အိုးကျေးရွာဟာ စက်တင်ဘာလ ၁၂ ရက်နေ့က စစ်တောင်းမြစ်ရေ မြင့်တက်မူကြောင့် ရေမြှုပ်သွားကာ ရွာလုံးကျွတ်ရေဘေးသင့်ဖြစ်ရပြီး စားနပ်ရိက္ခာအကူညီတွေ လိုအပ်နေပါတယ်။
🖋ဆလိုင်း
ဓာတ်ပုံ – လူမှုကွန်ရက်
ပုံစာ – ကျောက်အိုးကျေးရွာကို တွေ့မြင်ရစဥ်။